နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ စိတ်ရှည်သည်းခံဆွေးနွေးဖို့ ဦးသိန်းစိန် တိုက်တွန်း


2015.12.16
theinsein-updjc-620.jpg နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းပေးအပ်ပွဲကို နေပြည်တော် MICC ခန်းမမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ကျင်းပစဉ်
Photo: Myanmar President Office

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေမှာ ယုံကြည်မှုနဲ့ စိတ်ရှည်သည်းခံပြီး ဆွေးနွေးကြဖို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြားလိုက် ပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC မှာ ကျင်းပတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းပေးအပ်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောတာ ဖြစ်ပါတယ်။

"လက်နက်ကိုင်ပဋိပက္ခများနဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ ကျနော်တို့ ပြည်သူပေါင်းမြောက်များစွာ နာကျင်ခံစား ခဲ့ရပါတယ်၊ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အနာဂတ်တွေ ပျောက်ဆုံးခဲ့ကြရပါတယ်၊ တိုင်းပြည်မှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံရေးပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့ ကြိုးပမ်းအားထုတ်ခြင်းဆိုတဲ့ကိစ္စကို မဖြစ်မနေ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်၊ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများမှာလည်း စိတ်ရှည်သည်းခံပြီး အပြန်အလှန်နားလည်မှုဆိုတဲ့ တန်ဖိုးများကို အခြေခံပြီး ကြိုးပမ်းသွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်"

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဟာ နေပြည်တော်မှာ နှစ်ရက်ကြာဆွေးနွေး ပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီမူကြမ်းကို နိုင်ငံတော်သမ္မတထံ ပေးအပ်ပြီး လာမယ့်နှစ် ဇန်နဝါရီလ ၁၅ရက်နေ့ မတိုင်ခင် နိုင်ငံရေးဆွေးနွေး ပွဲတွေ စတင်ရမှာဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ အပါအဝင် အစိုးရအဖွဲ့၊ တပ်မတော်နဲ့ လွှတ်တော်တာဝန်ရှိ သူတွေ၊ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန MPC က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC က ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် မူကြမ်းကို နိုင်ငံတော်သမ္မတထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။

အဲဒီမူကြမ်းကို သမ္မတထံ အပ်နှံပြီးနောက်ပိုင်း ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး UPDJC အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။