မန္တလေးတိုင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်ကြားမှု သုံးခုရှိ


2020.11.09
counting-vote-mdy-622.jpg မန္တ​လေးမြို့၊ ​အောင်​မြေသာစံမြို့နယ်က မဲရုံအမှတ် (၄) မှာ မဲရေတွက်ဖို့ပြင်ဆင်နေတာကို ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်‌နေ့ည တွေ့ရစဉ်
ဓာတ်ပုံ - ခေမဏီဝင်း/ RFA

မန္တလေးတိုင်းအတွင်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်ကြားမှု သုံးခုရှိတယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

စဉ့်ကူးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်က မဲရုံ (၃) မှာ အမျိုးသားတစ်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးအတု ယူဆောင်လာတယ်လို့ စွပ်စွဲခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဒုတိယဖြစ်စဉ်က နွားထိုးကြီးမြို့နယ်က အမျိုးသမီးတစ်ဦးဟာ လက်ရှိ နေထိုင်တဲ့နေရာမှာလည်း မဲပေးခဲ့ပြီး နောက်ထပ်ကျေးရွာတစ်ခုမှာလည်း ဆန္ဒမဲထပ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဇ) တို့နဲ့ အမှုဖွင့်ထားပါတယ်။

တံတားဦးမြို့နယ်မှာတော့ နေရာ နှစ်ခုမှာ မဲပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့  အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲ ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အမှုတွေဟာ သက်သေ ထင်ရှားရင် ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်နိုင်တဲ့ အမှုတွေဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအမှုတွေကို ရဲတပ်ဖွဲ့နဲ့ ကော်မရှင်က တရားလို လုပ်ထားတယ်။ အတုပြုလုပ်မှု ထောင်ဒဏ် ၇ နှစ်နဲ့ မဲနှစ်ခါ ပေးတာကတော့ ထောင်ဒဏ် တစ်နှစ်၊ ငွေဒဏ် တစ်သိန်း ချမှတ်နိုင်တယ်။"

မန္တလေးတိုင်းက မြို့နယ် ၂၈ မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာအားလုံးနီးပါး အနိုင်ရရှိထားကြောင်း ပါတီတာဝန်ရှိသူတွေက အောက်ခြေက အစီရင်ခံမှုတွေကို ကိုးကားပြီး ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မန္တလေးတိုင်းအတွင်း မဲရလဒ်တွေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မန္တလေးတိုင်းအတွင်းက မဲရလဒ်တွေကို ဒီကနေ့ ညနေပိုင်းမှာ နိုင်ငံပိုင်ရုပ်သံတွေကနေ ထုတ်လွှင့်သွားမယ်လို့ မန္တလေးတိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။