မန္တလေးသပိတ်အဖွဲ့ဝင် သုံးဦး အိုးဘိုထောင်ကို ပို့ဆောင်ခံရ

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မန္တလေးသပိတ်အင်အားစုက ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်း၊ အလွတ်သတင်းထောက် ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့ သုံးဦးဟာ အိုးဘို အကျဉ်းထောင်ကို ပို့ဆောင်ခံထားရတယ်လို့ မန္တလေး သပိတ်အင်အားစုက RFA ကို ဒီနေ့ပြောပါတယ်။
ဖမ်းဆီးခံရပြီး အချိန်သုံးလခန့် အဆက်အသွယ်မရဘဲ ပျောက်နေရာကနေ အိုးဘို အကျဉ်းထောင်ကို ပို့ဆောင်ခံထားရတာလို့ မန္တလေးသပိတ်အင်အားစုက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"အိုးဘိုထောင် ရောက်နေပြီလို့ပဲ သတင်းကြားရပါသေးတယ်ဗျ။ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးပါဘူးဗျ"
သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်နဲ့အတူ မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။သပိတ်ခေါင်းဆောင် ကိုသူရအောင်ကတော့ အခုအချိန်အထိ ဘယ်မှာရှိနေတယ်ဆိုတာ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။ ကိုသူရအောင်ရဲ့ အခြေအနေကို သိရဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရှေ့နေတွေနဲ့ သံတမန်တွေက အကူအညီပေးကြဖို့ မန္တလေးသပိတ် အင်အားစုက တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးသပိတ်အင်အားစုက ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ မသဲစု၊ ကိုကျော်စိုးမိုး၊ မဂျာဆိုင်းအောင်၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုနဲ့ မကြယ်စင်လင်းတို့ အထဲက တချို့လည်း မန္တလေး အိုးဘိုထောင်ကို ပို့ဆောင်ခံထားရတယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မန္တလေးသပိတ်အင်အားစု ကော်မတီဝင်တွေကို စစ်ကောင်စီက ပြီးခဲ့နှစ် ဩဂုတ်လက စတင်ဖမ်းဆီးခဲ့တာပါ။ အခုဆိုရင် ဖမ်းဆီးခံ ထားရတာ ၁၅ ဦးရှိနေပြီလို့လည်း ပြောပါတယ်။