ရန်ကုန်မှာ ဆန္ဒပြလူငယ် အမျိုးသမီးသုံးဦး ရဲကားနဲ့တိုက် ဖမ်းဆီးခံရ

2022.04.20
ရန်ကုန်မှာ ဆန္ဒပြလူငယ် အမျိုးသမီးသုံးဦး ရဲကားနဲ့တိုက် ဖမ်းဆီးခံရ ရဲကားနဲ့တိုက် ဖြိုခွင်းမခံရခင် လူငယ်တွေ လှည့်လည်ဆန္ဒပြနေသည်ကို တွေ့ရစဉ်
Photo - CJ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ထဲက စုပေါင်းသပိတ်တစ်ခုကို ဒီနေ့ ညနေပိုင်းမှာ ရဲကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ပြီး ဖြိုခွင်းခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ယောက်က RFA ကို ပြောပါတယ်။

သပိတ်လူစုခွဲချိန်မှာ ကားနဲ့တိုက် ဖြိုခွင်းခံရတာဖြစ်လို့ ထိခိုက်သူမရှိခဲ့ပေမယ့် ဆန္ဒပြလူငယ် အမျိုးသမီး သုံးဦးကတော့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဆိုပါတယ်။

လူငယ် ၃၀ လောက်ပါတဲ့ သပိတ်စစ်ကြောင်း လူအုပ်ထဲကို ဒယ်ဗယ်ကပ် ရဲကားက အရှိန်ပြင်းပြင်း ဝင်လာတာလို့ မျက်မြင်တွေ့သူက ပြောပါတယ်။

"ပွဲစပြီး စက္ကန့် ၃၀ အကြာမှာ အနောက်ကနေ ရဲကားကအရှိန်နဲ့ ဝင်လာတာ။ ဖြစ်ချင်တော့ လူခွဲလိုက်တာမြန်လို့ အတိုက်တော့ မခံလိုက်ရဘူး၊ သတင်းရလို့ လာတာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကင်းပတ်ကားနဲ့ သူတို့အင်အားက တစ်စီးတည်းဆိုတော့ ခြောက်ယောက်လောက်ရှိလိမ့်မယ်"

ဖြိုခွင်းခံရတဲ့ ဒီသပိတ်ဟာ "တော်လှန်လူငယ်များရဲ့ စုပေါင်းသပိတ်" လို့ အမည်ပေးထားပြီး၊ လူငယ်များသမဂ္ဂကနဲ့ ရန်ကုန်က တခြား မဟာမိတ် သပိတ်အင်အားစုတွေလည်း ပါဝင်ခဲ့ကြပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် သုံးဦးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သပိတ်အင်အားစုဘက်က မထုတ်ပြန်သေးသလို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီလို ဆန္ဒပြသပိတ်တွေကို ကားနဲ့ဝင်တိုက် လူစုခွဲတဲ့ လုပ်ရပ်ကို နိုင်ငံတကာကလည်း ရှုတ်ချထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းထဲမှာ လူငယ်သပိတ်စစ်ကြောင်းကို စစ်ကား တစ်စီးနဲ့ ဝင်တိုက် လူစုခွဲခဲ့တာကြောင့် ဒဏ်ရာရတာတွေရှိခဲ့ပြီး အဲဒီမှာ သတင်းယူနေတဲ့ သတင်းသမား တစ်ဦးအပါအဝင် လူငယ်၁၁ ယောက် ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။