ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းတို့ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့
2016.01.29

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ဖို့ မိမိ စီစဉ်ပေးခဲ့တာဖြစ်ကြောင်းနဲ့ အားလုံးအတွက် ကောင်းတဲ့တွေ့ဆုံမှုဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော ပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ သူရဦးရွှေမန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနဲ့ တွေ့ဆုံခြင်းဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း အတွက်ရော ၊ ဒေါ်အောင်ဆန်းစုကြည်အတွက်ရော၊ နိုင်ငံ့အတွက်ရော အများကြီးအခြေအနေကောင်းများ ဖြစ်ပေါ် လာနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ဒီလိုတွေ့ဆုံပေးခြင်းဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းတဲ့ ရက်ကာလအတွင်းမှာပဲ ကိုယ့်အနေနဲ့ သူနဲ့ဘယ်ရက်ဘယ်အချိန်မှာတွေ့မယ် တစ်ခါတည်း ဆောင်ရန်ရှောင် ရန် တွေ့သင့်တယ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်"
လာမယ့်အစိုးရလက်ထက် တာဝန်ယူဖို့အတွက် အန်အယ်လ်ဒီဘက်က ကမ်းလှမ်းထားတာ မရှိသေးတာကြောင့် သူ့အနေနဲ့ ဘာမှပြောစရာ မရှိသေးကြောင်းလည်း ပြောပါတယ်။
တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးမြန်းရရာမှာ သူရဦးရွှေမန်းက တပ်မတော်ဟာ လက်ရှိမှာ ၂ဝဝ၈ ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးတိုင်း နိုင်ငံရေးမှာပါနေဦးမှာဖြစ်ပြီး တစ်ချိန်ကျရင် နိုင်ငံရေးမှာ လုံးဝမပါတော့ဘဲ ကာကွယ်ရေးသက်သက်ပဲ တာဝန်ယူမယ်ဆိုတဲ့ ဆုံးဖြတ်တဲ့အချိန်ကျရင် တပ်မတော်ဟာ နိုင်ငံရေးနဲ့ ကင်းရှင်းသွားမှာဖြစ်ကြောင်း၊ နိုင်ငံသားတွေကလည်း ဝိုင်းဝန်းပါဝင်ဖို့လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဥက္ကဌအပေါ် ဘယ်လိုသဘောထားသလဲလို့ သတင်းထောက်တစ်ဦးက မေးရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းကို ခွဲခြားမြင်ဖို့လိုအပ်ကြောင်းနဲ့ အပေါ်ယံကြည့်လို့မရကြောင်း ပြော ပါတယ်။