ဖမ်းဆီးခံ တင်းမရွာသား ၁၈ ဦးအမှု မိသားစုတွေကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး

မင်းသိန်းအောင်
2020.12.30

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရွာသား ၁၈ ဦးကို တပ်မ (၅၅) လက်အောက်ခံ တပ်မတော်စစ်ကြောင်းတစ်ခုက ပြီးခဲ့တဲ့ ၉ လကျော်က ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေတွေကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က မနေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တပ်မတော်က ဖမ်းဆီးသွားတဲ့ တင်းမကျေးရွာသား ၁၈ ဦး အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့ မနေ့က ခေါ်ယူစစ်ဆေးခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး ရွာသား ၁၈ ဦး ဖမ်းဆီးခံရချိန်ကစလို့ RFA လွတ်လပ်တဲ့အာရှအသံက တစိုက်မတ်မတ် ဖော်ထုတ်ရေးသားထုတ်လွှင့်လာခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ၁၈ ဦးအထဲက အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းစိုးရဲ့ ဇနီး ဒေါ်မအေးလှက သူ့အမျိုးသားကို တပ်မတော်သားတွေ ဘယ်လိုဘယ်ပုံဖမ်းဆီးသွားတယ်ဆိုတဲ့ ဖြစ်စဉ်အသေးစိတ်ကို ရဲတပ်ဖွဲ့က မေးမြန်းခဲ့တယ်လို့ပြောပါတယ်။

“ကျွန်မတို့အမျိုးသားကို ဖမ်းယူသွားတဲ့အချိန်က အခြေအနေကို ပြန်ပြီးတော့ စစ်ဆေးမေးမြန်းတယ်။ တိုင်ချက်တွေက ဘယ်လိုဖွင့်ထားလဲ။ အမျိုးသားတွေကို ဘယ်လိုချည်နှောင်ပြီးတော့ ယူသွားတယ်။ အဲဒီစစ်သားတွေနဲ့ တပ်ကိုသိလား အဲလိုမေးတယ်။ ကျွန်မလည်း မှတ်မိသလောက် ပြောလိုက်တာပေါ့။ သူတို့ကတော့ အစ်မတို့ တောင်းဆိုချက်နဲ့အညီ ကျွန်တော်တို့ လုပ်ပေးမယ်လို့ပြောတယ်”

မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေ စုစုပေါင်း ၁၅ ယောက်ကို မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ မနေ့က မနက် ၁၀ နာရီကျော်ကနေ ညနေ ၄ နာရီကျော်အထိ ရဲအရာရှိ သုံးဦးက စစ်ဆေးခဲ့တာပါ။

မိသားစုဝင်တွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေထံ ဒီဇင်ဘာလ ၁ ရက်နေ့က စာရေးသားပေးပို့ထားခဲ့ကြပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကာယကံရှင်တွေအနေနဲ့ ခိုင်မာတဲ့သက်သေအထောက်အထားတွေနဲ့ တပ်မတော်ကို တိုင်တန်းလို့ရတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဒါနဲ့ပတ်သက်လို့ ကျွန်တော် ပြောလိုတာကတော့ အခုလိုအချိန်မှာ သက်ဆိုင်ရာ ကာယကံရှင်တွေကပဲဖြစ်ဖြစ် ခိုင်မာတဲ့အထောက်အထားနဲ့ တိုင်းစစ်ဌာနချုပ်တွေ၊ ဒေသတပ်နယ်မှာရှိတဲ့ တပ်ပိုင်းဆိုင်ရာတွေကို ပြောလို့ရပါတယ်။ သေချာတဲ့အထောက်အထားနဲ့ ခိုင်လုံတဲ့အထောက်အထားနဲ့ တိုင်ကြားမယ်ဆိုရင်လည်း တိုင်ကြားလို့ရတယ်။ ခိုင်လုံတဲ့အထောက်အထားနဲ့ သေချာတဲ့အထောက်အထားနဲ့ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ ဒါမှကျွန်တော်တို့ လုပ်ငန်းဆက်လုပ်လို့ရမှာဖြစ်ပါတယ်”

နိုင်ငံတော်အကြီးအကဲတွေကို တိုင်တန်းချက်ကြောင့် မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးတာဖြစ်ပြီး စစ်ဆေးချက်တွေကိုလည်း နိုင်ငံတော် အကြီးအကဲတွေထံ ထပ်ဆင့်တင်ပြရမှာဖြစ်တယ်လို့ ရဲအရာရှိတွေက မနေ့က မိသားစုဝင်တွေကို ပြောပြခဲ့ပါတယ်။

မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးကို RFA က တိုက်ရိုက် မေးမြန်းနိုင်ဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့နဲ့ ဒီနေ့ နှစ်ရက်တိုင်ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားသူ မရှိပါဘူး။

မျက်မြင်သက်သေတစ်ဦးအဖြစ် မနေ့ကထွက်ချက်ပေးခဲ့တဲ့ တင်းမကျေးရွာက ရာအိမ်မှူး ဦးမောင်ထွန်းညွန့်က အမှုမှန်ပေါ်ပေါက်စေလိုတယ်လို့ ပြောပါတယ်။

“သူတို့ကပြောတယ် ခင်ဗျားတို့ ဘာမှမကြောက်နဲ့၊ ကျေးရွာမှာ တကယ်ဖြစ်ပျက်သွားတဲ့ အကြောင်းအရာကို ပြောပြပါဆိုတော့ ကျွန်တော်တို့ မှန်မှန်ကန်ကန်ပြောကြားခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ကတော့ အမှုမှန် ပေါ်ပေါက်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီကိစ္စကို မှန်မှန်ကန်ကန် ပေါ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရပ်ရွာကပါသွားတဲ့သူတွေဆိုတော့ သေသလား၊ ရှင်သလား မသိ။ သေရင်လည်း သေသွားသလား၊ ရှင်ရင်လည်း ဘယ်အချုပ်တွေမှာ ဖမ်းဆီးထားကြောင်းကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းသိချင်ပါတယ်”

မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ ရာအိမ်မှူး ဦးမောင်ထွန်းညွန့်ဟာ မတ်လ ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ ရွာသားတွေကို တောင်ရှည်တောင်ဆီကို ပို့ဆောင်ပေးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တင်းမသစ်ကျေးရွာကို ရောက်ရှိလာတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာသားတွေကို ကျေးရွာမူလတန်းကျောင်းမှာ ခေါ်ယူစုဝေးပြီးနောက် အဲဒီအထဲက ၈ ဦးရဲ့ မျက်နှာကို စည်းပြီးတော့ အရှေ့ဘက် တောင်တန်းတွေဆီကို ခေါ်ဆောင်သွားခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

နောက် ၃ ရက်အကြာ မတ်လ ၁၆ ရက်နေ့မှာလည်း တင်းမကြီးရွာထဲကို တပ်မတော်စစ်ကြောင်းက အလားတူ ရောက်ရှိလာပြီးတော့ ရွာသား ၁၀ ဦးကို နောက်ပြန်ကြိုးတုပ်ပြီး အခြားရွာသား ၅၀ ကျော်နဲ့အတူ တပ်မတော်က ယာယီစခန်းချထားတဲ့ ရွာအရှေ့ဘက်က တောင်ရှည်တောင်တန်းဆီကို ခေါ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲက ရွာသား ၅၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပေမယ့် နောက်ပြန်ကြိုးတုပ်ထားတဲ့ ၁၀ ဦးကတော့ ဒီနေ့အထိ ပြန်မလွတ်လာသေးပါဘူး။

ဖမ်းဆီးခံရသူ ၁၈ ဦးထဲမှာ အသက်အငယ်ဆုံး ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်ထွန်းထွန်းဝေ ပါဝင်ပြီး ကျန်သူတွေက အသက် ၃၄ နှစ်ကနေ ၇၀ အရွယ်အထိ ရှိသူတွေ ဖြစ်ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးခံထားရတဲ့ လူ ၁၀ ဦးထဲက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဝင်းကို ကိုတော့ ဖမ်းဆီးခံရပြီး နောက်နေ့ မတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ ကုလားတန်မြစ်ထဲအတွင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ကျေးရွာသားတွေက တွေ့ရှိခဲ့ပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင် ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဦးထွန်းသိန်းက ဖမ်းဆီးခံရသူတွေ အစုလိုက်အပြုံလိုက် သတ်ခံလိုက်ရပြီလို့ ယူဆနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေကြောင်းအရ မြန်မြန်ဆန်ဆန် ဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ဒီလောက်ကြာတောင်မှ ဘာသတင်းအစအနမှ မကြားရဘူး။ မကြားရဘူးဆိုရင် ကျွန်တော်တို့ ဝေဖန်သုံးသပ်တော့ အစုလိုက်အပြုံလိုက် အဲလိုသတ်ပစ်ခဲ့တာလားဆိုတော့ မိသားစုတွေက သံသယဖြစ်နေကြတယ်။ ကျွန်တော်တို့က ဒီကိစ္စကို သူတို့ရှိသေးတယ်၊ မရှိသေးဘူးဆိုတာကို ဖော်ပေးစေချင်တယ်။ ကျွန်တော်တို့ ရွာသားတွေကို တရားဥပဒေအတိုင်း မြန်မြန်ဆန်ဆန် ဖော်ထုတ်ပေးစေချင်ပါတယ်”

ဖမ်းဆီးခံထားရတဲ့ ကျေးရွာသား ၁၈ ဦးကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး တပ်မတော်စစ်ကြောင်း တာဝန်ရှိသူကို အရေးယူပေးဖို့ မိသားစုဝင်တွေက ပြီးခဲ့တဲ့မတ်လ ၂၃ ရက်နေ့နဲ့ ဒီဇင်ဘာလ ၈ ရက်နေ့တွေမှာ ကျောက်တော်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းဖို့ကြိုးစားခဲ့ကြပေမယ့် အမှုဖွင့်မပေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်း၊ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို တယ်လီဖုန်းကနေတဆင့် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ တင်းမရွာသား ၁၈ ဦးကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ အသေးစိတ်မသိထားဘူးလို့ RFA ရဲ့ မေးမြန်းမှုကို မနေ့က ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အခုနှစ်အတွင်း တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသူအရေအတွက် ၂၂ ဦးအထိရှိတယ်လို့ စာရင်းပြုစုထားတဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။