ရခိုင် တင်းမရွာသားတွေ နေရပ်ပြန်ခွင့်မရသေး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ မိမိနေရပ်ကို ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီကို တင်ပြထားပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာတုန့်ပြန်တာ မရှိသေးဘူးလို့ တင်းမဆရာတော်က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနဲ့ တွေ့ဆုံခဲ့ပေမယ့် တစ်စုံတစ်ရာအကြောင်းမထူးသလို ဒီနေ့မှာလည်း ကျေးရွာရပ်မိရပ်ဖ ၁၃ ဦးနဲ့အတူ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို နေရပ်ပြန်ဖို့ ထောက်ခံစာသွားတောင်းပေမယ့် အထက်ကိုတင်ပြရဦးမယ်ဆိုပြီး မရခဲ့ဘူးလို့ တင်းမဆရာတော် ဦးဝါယမိန္ဒ က RFA ကို မိန့်ပါတယ်။
နေရပ်ပြန်ခွင့်တောင်းဆိုတယ်ဆိုပေမဲ့ ကျေးရွာသားတွေအကုန်လုံး ပြန်ကြမှာမဟုတ်ဘဲ ပျက်စီးနေတဲ့ကျောင်း တွေနဲ့ နေအိမ်တွေကို ပိုပြီးမပျက်စီးခင်မှာ ပြုပြင်ထိန်းသိမ်းဖို့ ဒေသခံအချို့ကို ပြန်ခွင့်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
အခုလို တောင်းဆိုတဲ့အပေါ်မှာ ခွင့်မပြုတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့လည်း တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။
အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ အဲဒီတင်းမကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကတော့ အဲဒီတင်းမကျေးရွာကို သွားကြည့်တဲ့အခါမှာ လူနေအိမ် ၁၃၂ လုံး မီးလောင်ပြာကျသွားပြီးဖြစ်သလို တခြားနေအိမ် ၉၃ လုံးမှာလည်း ပျက်စီးသွားပြီလို့ အဲဒီဦးဇင်းက မိန့်ပါတယ်။ အခုလည်း အချိန်တွေကြာလာတာကြောင့် နေအိမ်တော်တော်များဟာ ပျက်စီးနေပြီလို့လည်း ဆိုပါတယ်။
အဲဒီတင်းမကျေးရွာသားတွေဟာ ရခိုင်မှာ တိုက်ပွဲတွေရပ်စဲနေတဲ့အချိန် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းကစလို့ နေရပ်ပြန်ဖို့ ကြိုးစားနေကြတာပါ။
နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့လည်း ပြည်နယ်စစ်ကောင်စီထံကို လေးကြိမ်တိုင်တိုင် တင်ပြခဲ့ပေမယ့် အခုအချိန်အထိ တစ်စုံတစ်ရာတုန့်ပြန်တာ မရှိသေးဘူးလို့လည်း ကျေးရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ဥပဒေချုပ်ကတော့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက် နေပေမယ့် မိုင်းအန္တရာယ်တွေရှိနေသေးတာကြောင့် လုံခြုံရေးစိတ်ချရမှသာ နေရပ်ပြန်ခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ RFA ကို ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ဟာ အခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) က ပြောပါတယ်။