RCSS ဖမ်းထားသူလွှတ်ပေးဖို့ တအာင်းပါတီ တောင်းဆို
2020.09.21

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ဒေသခံ မိုင်းလှစိန်ကို ပြန်လွှတ်ပေးဖို့ တအာင်း(ပလောင်)အမျိုးသားပါတီက တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့မှာ ခေါ်ယူထိန်းသိမ်းထားတာလို့ မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်က RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့မှာ RCSS တပ်ဖွဲ့ဝင်တွေ ပန်မွမ်းရွာကို ဝင်ရောက်လာခဲ့ပြီး နောက်တစ်နေ့မှာ မှိုရှာဖို့ တောထဲသွားတဲ့ မိုင်းလှစိန်ကို ရွာအပြင်လမ်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
မိသားစုဝင်တွေကတော့ တောထဲမှာ အဖမ်းခံထားရတဲ့ မိုင်းလှစိန်နဲ့ တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
မိုင်းလှစိန်ကို သံသယရှိလို့ ခေါ်ယူစစ်ဆေးရာမှာ မူးယစ်ဆေး သုံးစွဲကြောင်း တွေ့ရလို့ ထိန်းသိမ်းထားတာလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက RFA ကို ပြောပါတယ်။
သူ့ကို ဘယ်တော့ပြန်လွှတ်မလဲလို့ မေးမြန်းရာမှာတော့ မူးယစ်ဆေးသုံးစွဲမှု အခြေအနေ စစ်ဆေးချက်အရ ထွက်လာတဲ့အဖြေအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
မိုင်းလှစိန်ဟာ မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ အောင်နိုင်ရေးအတွက် ကူညီနေသူတစ်ဦးဖြစ်ပြီး ပါတီဝင်ဟောင်းတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
တအာင်းလူမျိုးတွေ နေထိုင်မှုများတဲ့ မိုင်းကိုင်မြို့နယ်မှာ တအာင်း (ပလောင်) အမျိုးသားပါတီက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
ဒေသတွင်း လှုပ်ရှားနေတဲ့ RCSS တပ်မှူးက ဝင်မပြိုင်ဖို့ ဖိအားပေးတယ်လို့ မိုင်းကိုင်မြို့နယ် ပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်က ပြောပါတယ်။ ပါတီဆိုင်းဘုတ်တွေ စိုက်ထူတဲ့နေရာမှာလည်း ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလဲ ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ခြိမ်းခြောက်ခံရလို့ တခြားမြို့တွေမှာ တိမ်းရှောင်ရသလို ဒီနှစ်မှာလည်း အလားတူ ကြုံတေ့ွရတယ်လို့ မိုင်းနုမ်ဟန်က ပြောပါတယ်။ မိုင်းကိုင်မြို့နယ်အတွင်း ပါတီအောင်နိုင်ရေး ဆိုင်းဘုတ် ၇ ခု စိုက်ထူထာရာမှာ ဒီရက်ပိုင်းမှာပဲ လေးခု ဖျက်ဆီးခံခဲ့ရပြီး ဘယ်အဖွဲ့လက်ချက်ဆိုတာ မသိရသေးဘူးလို့ မိုင်းနုမ်ဟန်က ဆိုပါတယ်။
RCSS ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေးကတော့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို RCSS က တားမြစ်တာ မရှိဘူးလို့ ပြောပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် အဝင်အထွက် စစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေ ရှိတဲ့အတွက် စည်းရုံးရေးမှာ အခက်အခဲတော့ ကြုံလိမ့်မယ်လို့ RCSS က တုံ့ပြန်ပါတယ်။
တအာင်း(ပလောင်)အမျိုးသားပါတီ ဗဟိုအတွင်းရေးမှူး မိုင်းအုဏ်ခိုင်က မိုင်းကိုင်မြို့နယ်က အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စီစဉ်ထားပြီး ပါတီဗဟို တာဝန်ရှိသူတွေ သွားရောက်ဆွေးနွေးမယ့် အခြေအနေရှိတယ်လို့ ပြောပါတယ်။
မိုင်းကိုင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ရွေးကောက်ပွဲဝင်ကြမှာပါ။