တွန်းဇံမှာ တောင်ပေါ်ရေကန် ကျိုးပေါက်မှု ၇ ပေလောက် နုန်းတွေ ဖုံးလွှမ်း


2015.08.29

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မနေ့က မိုးကြီးပြီးတောင်ပေါ်ရေကန် ကျိုးပေါက်လို့ ဟားခါးလေးနဲ့ တွီးခိဖန်ကျေးရွာတို့ဟာ ရေနဲ့အတူပါလာတဲ့ နုန်းတွေ ၇ ပေ လောက်ထိ ဖုံးသွားတယ်လို့ သိရပါတယ်။

ကျေးရွာနှစ်ခုလုံး နစ်မြုပ်သွားတဲ့အတွက် မြေနေရာအသစ်ရှာပြီး ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှုး ဦးတင်မောင်စိုးက ပြောပါတယ်။

"တွီးခိဖန်နဲ့ကပ်နေတာပေါ့ ဟားခါးလေးကျေးရွာဆိုတာတော့ ဟားခါးလေးကျေးရွာမှာ လူနေအိမ်ပါပျက်စီးသွား တာက ၃၈ လုံးပေါ့လေ၊ ကျန်တဲ့ ၂၂ လုံးကတော့ ရွှွံ့နွံ့က ၇ ပေလောက် ဖုံးသွားတာပေါ့၊ ပြန်လည်ထူထောင်ရေး ကတော့ ကျနော်တို့က ဒီနေရာကိုပြန်ရွေးပေးရမှာပေါ့ လက်ရှိနေရာမှာ နေလို့မရတော့ပဲ၊ ဒီရွာက ရပ်မိ ရပ်ဖတွေနဲ့ညှိပြီးတော့မှ ဘယ်နေရာကိုပေါ့နော် သူတို့ရေရှည်မှာ နေနိုင်မယ်ဆိုရင် မြေနေရာ ရရေးပေါ်မူတည်ပြီးတော့ ကျနော်တို့ တည်ဆောက်တာတို့ ခုနကပြောတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လုပ်ပေးရမှာပေါ့လေ တွီးခိဖန်ရော ဟားခါးလေးအတွက်ရောပေါ့"

တောင်ပေါ်ရေကန် ကျိုးပေါက်တာကြောင့် တွီခိဇန်ကျေးရွာမှာ နေအိမ် ၄ဝ နီးပါး ၊ဟားခါးလေးကျေးရွာမှာ နေအိမ် ၅ဝ ကျော်တို့ ရေမြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။

လက်ရှိချိန်မှာ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စု ၁ဝဝ ကျော်အတွက် ပြည်နယ်အစိုးရအဖွဲ့ကနေ တွီခိဇန်ရွာရဲ့ မြေမြင့်ရာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ရေနစ်မြုပ်မှုကြောင့် လူအသေအပျောက်မရှိဘူးလို့တော့ ချင်းပြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်။ ဒါပေမယ့် အင်တာနက်ဖေ့စ်ဘွတ် စာမျက်နှာတွေမှာ ရေးသားကြတာက သေဆုံးသူ ၂ဝ ကျော်လောက်အထိ ရှိတယ်လို့ ပြောကြပါတယ်။

မိုးများတဲ့အတွက် ချင်းပြည်နယ်မှာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မြေပြိုပြီး လူ ၅ ဦး သေဆုံးခဲ့သလို နေအိမ်ပေါင်း ၂၆ဝဝ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။