မြန်မာ့သဘာဝဓာတ်ငွေ့ဝင်ငွေ ပိတ်ဆို့ရေး Total ကုမ္ပဏီ ထောက်ခံ

2022.01.20
မြန်မာ့သဘာဝဓာတ်ငွေ့ဝင်ငွေ ပိတ်ဆို့ရေး Total ကုမ္ပဏီ ထောက်ခံ အိုင်ယာလန်နိုင်ငံ Dublinမြို့တွင် အောက်တိုဘာ ၃၀ ရက်နေ့က ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု သပိတ်တွင် ပါဝင်ခဲ့သူတချို့ကို တွေ့ရစဉ်။
Photo: Blood Money - သွေးစွန်းငွေ/Facebook

ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတဲ့အနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ ရဖို့ရှိတဲ့ ဝင်ငွေဒေါ်လာ သန်းပေါင်းများစွာကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေကို မပေးအပ်ဘဲ ထားဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့တောင်းဆိုချက်ကို သဘောတူမယ့် လက္ခဏာပြလိုက်ပြီလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က TotalEnergies ကုမ္ပဏီကနေ HRW ကို ပေးပို့လာတဲ့ စာထဲမှာ၊ ကုမ္ပဏီအနေနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ ရတဲ့ ဝင်ငွေတွေ စစ်ကောင်စီ ဆီကို မရောက်အောင် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့ ကိစ္စအတွက် ပြင်သစ်နဲ့ အမေရိကန်အာဏာပိုင်တွေနဲ့ စကားပြောဆိုနေတဲ့အကြောင်းနဲ့ ဒီလိုပစ်မှတ်ထား အရေးယူမှုလုပ်ဆောင်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က တရားဝင် ဆုံးဖြတ်မယ်ဆိုရင် တိုတယ်ကုမ္ပဏီအနေနဲ့ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ပက်ထရစ် ပိုယွန်နီး က ပြောထားတယ်လို့ HRW ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေက ရတဲ့ဝင်ငွေ တွေကို စစ်ကောင်စီကို မပေးအပ်ဖို့ TotalEnergies ကုမ္ပဏီ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထောက်ခံမှုကို ရသွားပြီ ဖြစ်တဲ့အတွက် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ လိုအပ်တဲ့ ဥပဒေအရ ခွင့်ပြုချက်တွေကို အမြန်ဆုံးကြေညာပေးဖို့ နှောင့်နှေးစရာအကြောင်း မရှိတော့ဘူးလို့ HRW ရဲ့ ညွှန်ကြားရေးမှူး John Sifton က ပြောပါတယ်။

တိုတယ် ရေနံကုမ္ပဏီဟာ ၁၉၉၀ အစောပိုင်းလောက်ကတည်းက မြန်မာနိုင်ငံမှာ ရတနာသဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်နေတာဖြစ်ပြီး၊ သဘာဝဓာတ်ငွေ့ရောင်းချမှုက ရတဲ့ ဘဏ္ဍာငွေတွေကို အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပေးအပ်နေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ရေနံကုမ္ပဏီ TotalEnergies ၊ အမေရိကန် ရေနံကုမ္ပဏီ Cheveron နဲ့ MOGE တို့ ပူးပေါင်းပြီး တူးဖော်ထုတ်လုပ်တဲ့ သဘာဝ ဓာတ်ငွေ့တွေရဲ့ ၈ဝ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံပိုင် PTT ကုမဏီကို ရောင်းချနေတာဖြစ်ပြီး၊ PTT ကုမ္ပဏီကနေ တောင်ကိုရီးယားကုမ္ပဏီ POSCO နဲ့ ပူးပေါင်းပြီး ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတာဖြစ်တယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလျံထက်မနည်း ဝင်ငွေရနေပြီး၊ TotalEnergies ရဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ သဘောတူတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အခြားရေနံကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံက ဓာတ်ငွေ့တွေကို ဝယ်ယူနေတဲ့ ထိုင်းနိုင်ငံအတွက် ဥပမာယူစရာဖြစ်သင့်တယ်လို့လည်း HRW ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။