ဆီရထားမီးလောင်မှု နောက်ဆက်တွဲ ဆေးရုံမှာ သေဆုံးသူ ၃၁ ယောက်ရှိနေ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာမှာ ဒီလ ၉ ရက်နေ့က ဆီရထားတွဲ မှောက်ရာက မီးလောင်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ကန့်ဘလူဆေးရုံမှာ မနေ့ကအထိ ၁၀ ရက် အတွင်း သေဆုံးတဲ့လူနာပေါင်း ၃၁ ယောက် ရှိသွားပြီလို့သိရပါတယ်။ လောလောဆယ် ကျန်ရှိတဲ့လူနာက ၃၀ လောက် ရှိသေးတယ်လို့လည်း သိရပါတယ်။

2012.11.22
train-accident305 ကန့်ဘလူမြို့နယ်မှာ ဆီတင်ရထားတွဲတိမ်းမှောက်ပြီး ၁ နာရီခွဲ အကြာမှာ မီးလောင်ခဲ့တာကြောင့် ဆီလာခတ်နေသူများ မီးလောင်သေဆုံးခဲ့ရပြီး အပျက်အဆီးများကို တွေ့ရစဉ်။
RFA

ရထားမှောက်တဲ့နေ့က  သေဆုံးသူ ၂၅ ယောက်နဲ့ဆိုရင် စုစုပေါင်း  သေဆုံးသူ ၅၆ ယောက်ရှိသွားပြီလို့ သိရပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးကနေ မြစ်ကြီးနားကိုသွားမယ့်  အဲဒီ ဆီရထားတွဲတိမ်းမှောက်ရာကကျလာတဲ့ ဆီတွေကို ဒေသခံတွေက ခပ်ယူနေတဲ့အချိန် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် ထိခိုက် သေဆုံးသူအများစုဟာ ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာကဖြစ်ပြီး ကောလင်းလူစီးရထားတွဲပေါ်ကနေ လာရောက်ကြည့်ရှုသူ ခရီးသည် တချို့လည်းပါတယ်လို့ သိရပါတယ်။

မီးလောင်ဒဏ်ရာနဲ့  လူနာ ၃၀ လောက်ကို ရေရှည်ကုသဖို့ လိုတဲ့အကြောင်း ကန့်ဘလူမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက အခုလို ပြောပါတယ်။

“မီးလောင်ဒဏ်ရာရတဲ့လူတွေက များသောအားဖြင့် ကြာတယ်ဗျ အချိန်မရွေးကုရမှာ လိုအပ်တဲ့အခါကျရင် ကျနော်တို့က အရေပြားအစားထိုးပြီးကုမယ့် အဆင့်အထိ ကျနော်တို့ဆီမှာတော့ ပြင်ထားတယ် မီးလောင်ဒဏ်ရာရတဲ့အထဲမှာ ၁၀၀ percents burn တွေလဲ ပါတယ်။ ၂ယောက်လောက် ကျနော်တို့ဆီမှာ ကျန်တယ်။ အဲဒီဟာတော့ အခြေအနေက စိုးရိမ်ရတယ် ကျန်တဲ့လူနာတွေကတော့ သိပ်မဆိုးဘူးပြောရမှာပဲ”

မီးလောင်ခံရတဲ့ လူနာတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ သိန်း၁၀၀ နဲ့ တသီးပုဂ္ဂလ စေတနာရှင်တွေရဲ့ ကူညီထောက်ပံ့ငွေ သိန်း ၃၈၀ လောက်ရှိနေပေမယ့် လူနာတွေကို ရေရှည်ကုသရမှာ ဖြစ်တဲ့အတွက်  ဆေးဝါးနဲ့ ငွေကြေးအကူအညီတွေ ဆက်လက်လိုအပ်နေအုံးမယ်လို့  ဒေါက်တာ မိုးမြင့်ဝင်းက ပြောပါတယ်။

ရန်ကုန်၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး စတဲ့မြို့တွေကလည်း ကူညီထောက်ပံ့တာတွေရှိပြီး  မီးလောင်ခံရတဲ့ ကန့်ဘလူဆေးရုံရှိ လူနာနဲ့ လူနာစောင့်တွေအတွက် မြို့ပေါ်ရပ်ကွက်တွေက စားရေးသောက်ရေး အကူအညီပေးနေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။