စစ်တပ်များ တိုးချဲ့ နေရာယူလာ၍ ဘုရားသုံးဆူမြို့ အထိတ်တလန့်ဖြစ်

ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ ဥဒေါင်းကန်ဘက်နဲ့ တောင်ဝိုင်းဘက်မှာ လွန်ခဲ့တဲ့ နှစ်ရက်က စပြီး အစိုးရတပ်တွေ နေရာယူ တပ်စွဲလာတာကြောင့် မြို့ခံတွေ ကြောက်ရွံ့ပြီး ပြောင်းရွှေ့ကုန်ကြတယ်လို့ သိရပါတယ်။

2011.06.17

ဘုရားသုံးဆူဘက်မှာ ယခု တပ်ရင်း (၃) ရင်း ရှိနေပြီး ကြာအင်းဆိပ်ကြီး အခြေစိုက် ဒေသခံ တပ်ရင်း ခလ၇ (၂၈၄) အပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၁၉) လက်အောက်ခံ ခြေမြန် တပ်ရင်း အမှတ် (၅၆၃) နဲ့ လွန်ခဲ့တဲ့ တပတ်လောက်ကမှ အသစ်ရောက်လာတဲ့ ခြေမြန်တပ်ရင်း အမှတ် ၅၆၆ တို့ ဖြစ်ပါတယ်။

ဘုရားသုံးဆူ မြို့တွင်း လမ်းဆုံ လမ်းခွတွေမှာ ခလရ (၂၈၄) က စစ်သားတွေ ပြည်သူ့စစ်တွေနဲ့ ပူးတွဲ လုံခြုံရေး ယူထားပြီး ခမရ (၅၆၆) က တောင်ဝိုင်းဘက်မှာ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

လူထုက ကြောက်လန့်ပြီး မြို့တွင်းရှိ အခြား ရပ်ကွက်တွေ၊ နီးစပ်ရာ ကျေးရွာတွေနဲ့ ထိုင်းဘက်ခြမ်း စံခလဘူရီဘက်ကို ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။

အစိုးရ တပ်သားတွေ ရောက်ရှိနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မြို့ခံတဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

"ရပ်ကွက် ၁ ဓမ္မာရုံမှာ ပြည်သူ့စစ်တွေ၊ ဈေးထဲမှာ စစ်သားတွေ ရှိတယ်။ ရပ်ကွက် ၂ ဓမ္မာရုံမှာ အရင်တခါ ထိသွားတဲ့ ဓမ္မာရုံမှာ အားလုံး ချထားတယ်။ ပြောမယ်ဆို မြို့လုံခြုံရေးပေါ့။ အရင်က အဲသလို ၂ ခါရှိပြီ ဝင်ပစ်တယ်ဆိုတော့ မြို့ထဲမှာ လိုက်ချတာပေါ့။ လူတွေကတော့ ကြောက်နေတုန်းပေါ့။ ပဌာန်းကလဲ ပိတ်သွားပြီ သံဃာတွေလည်း သူ့ကျောင်း သူပြန်ကုန်ပြီ။ မြို့ထဲမှာ ထိုင်နေတယ် ဆိုတော့ လက်နက်ကိုင်နဲ့ ဆိုတော့ လူတွေက ကြောက်ရွံ့နေတယ်။ မြို့ထဲမှာ ဖြစ်ရင် ပြေးရ လွှားရလည်း ခက်တယ်လေ။ တချို့ဆို အထုတ်တွေ အထည်တွေနဲ့ ကားတွေနဲ့ ထိုင်းဘက်ကမ်းကို ပြောင်းရွှေ့ကြတယ်။"

မြို့ထဲမှာ လမ်းသွားလမ်းလာ ပုံမှန် မဟုတ်သလို လူတွေ အိမ်အပြင် မထွက်ရဲ ဖြစ်နေကြပါတယ်။ တချို့က ရပ်ကွက် ၄ က သူတွေဆို နေအိမ်တွေကို စွန့်ပြီး အခြား ရပ်ကွက်တွေဆီ ပြောင်းနေကြရာမှာ ရှမ်းကုန်းဘက် တခုတည်းမှာပင် ၃၀၀ ဝန်းကျင် ရှိတယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။ တချို့ကလည်း မြန်မာပြည် အတွင်းဘက် သူတို့ ဇာတိတွေဆီ ပြန်သွားကြတယ် လို့လည်း ဆိုပါတယ်။

ဇွန်လ ၁၆ ရက် ကလည်း နေ့တဝက်နဲ့ ကျောင်းတွေက ကလေးတွေကို ပြန်ခိုင်းပြီးတဲ့နောက် တမြို့လုံးလည်း ငြိမ်သက်နေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ပထမ အကြိမ် ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် ပြုလုပ်တဲ့ ပဌာန်းရွတ်ပွဲကို ပထမ ၉ ရက်နေ့ အထိ ရက်တိုး ရွတ်ဖတ်မယ် ပြောထားရာက မြို့နယ် မယက က ဆက်မရွတ်တော့ဖို့ ပြောလာတဲ့ အတွက် မနေ့က ရပ်ခဲ့ရတယ် လို့လည်း သိရပါတယ်။

ပြည်သူ့စစ်တွေ တပ်တွေ ဓမ္မာရုံမှာ လိုက်ချတဲ့အတွက် ဘုန်းကြီးတွေက ဆက်မရွတ်ချင်တော့သလို အရပ်သားတွေကလည်း လက်နက်ကိုင်တွေ ရှိနေတဲ့ အတွက် ဓမ္မာရုံကို သွားဖို့ ကြောက်ကုန်တယ်လို့ ပဌာန်းပွဲ အကျိုးဆောင်တဦးက ပြောပါတယ်။

တပ်တွေ နေရာယူထားတဲ့ ရပ်ကွက် ၄ ဘက် တပ်အင်အား အများဆုံး ချထားတဲ့ တောင်ဝိုင်းအစုဟာ မဲ့ကသာရွာကို သွားတဲ့ လမ်းဘက်မှာ ရှိပြီး သေနတ်သမားတွေ ဝင်ရောက်နိုင်တဲ့ လမ်းဖြစ်တဲ့ အတွက် လုံခြုံရေး ပိုယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှု ၂ ခုရဲ့ နောက်ဆက်တွဲ အစိုးရတပ်တွေ နေရာချထားမှု ရှိလာတာကြောင့် စစ်ရေး အလားအလာနဲ့ ပတ်သက်လို့ မွန်ပြည်သစ် ပါတီကို မေးကြည့်ရာမှာတော့ မွန်ပြည်သစ် ပါတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟန်သာဘန်းခိုင်က လောလောဆယ်မှာတော့ မြို့လုံခြုံရေးကို အကြောင်းပြ လာရောက်တာ ဖြစ်သလို မြောက်ပိုင်း ကချင်ပြည်ဘက်ကလို အခြေအနေတွေ မဆိုးသေးပေမယ့်လို့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-17 20:39

Dear RFA, BBC,DVB,

Please alert to all of our Burmese Public to assist by the best way of each RISK scale according to each family agreemnet for Burma and to our Brother of DKBA,KIA,SSA and Mon and Etc of all enthnic groups.

We Public have understanding the TRUTH is Military who were taken POWER not sincerely and PPROTECTING their Army Seniors and Wealth or properties.

So, Please invite from all Nationalities Groups to our Public soonest by Announcement for Burma.