မွန်တိုင်းရင်းသား နှစ်ပါတီ ပေါင်း စည်းရေး နာမည်ရွေး


2013.12.08
mon-party-combine-305.jpg မွန်ပါတီနှစ်ပါတီ ပေါင်းစည်းနိုင်ဖို့အတွက် မော်လမြိုင် မြို့ ဈေးကြို ရပ်ကွက်မှာရှိတဲ့ ဓါတုမာလာ ဘုန်းတော် ကြီးကျောင်းမှာ နိုဝင်ဘာ လ ၂၂ ရက်နေ့က ပါတီနှစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးစဉ်
Photo: RFA

မွန်တိုင်းရင်းသား နှစ်ပါတီပေါင်းစည်းရေးကော်မတီက အသစ်ဖွဲ့စည်းမယ့်  မွန်ပါတီသစ်အမည်ကို မွန်အမျိုးသားပါတီနဲ့ မွန်တစ်မျိုးသားလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ နာမည်နှစ်ခုကို ယာယီအနေနဲ့ ဒီနေ့သတ်မှတ်လိုက်ပါတယ်။

မွန်နှစ်ပါတီက  ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင် တဲ့ ပေါင်းစည်းရေးကော်မတီနဲ့ ညှိနှိုင်းပေးနေတဲ့ မွန်သံဃာတော်တွေ ဒီကနေ့ မော်လမြိုင်မြို့ ဈေးကြိုရပ် ဓာတုမာလာကျောင်းမှာ ဆွေးနွေးပွဲလုပ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မွန်ပါတီသစ်နာမည်ကို ယာယီပေးထားပြီး လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အမည်သစ်ကို အတည်ပြုရွေးချယ်မှာဖြစ်သလို မူဝါဒပိုင်းဆိုင်ရာတွေကိုလည်း ဆွေးနွေးသွားမယ်လို့ လက်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိမ်းက ပြောပါတယ်။

“နောက်တစ်ပတ်မှာဆိုရင် နာမည်အသစ်ကို နှစ်ခုပေးထားတယ်၊ တစ်ခုကိုအတည်ပြုဖို့၊ နောက် မူဝါဒဆိုင်ရာ ဆွေးနွေးဖို့ လာမယ့် ၂၂ ရက်မှာ ဒီမှာပဲလုပ်မယ်၊  မွန်အမျိုးသားပါတီပေ့ါ နောက်တစ်ခုက မွန်တစ်မျိုးသားလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဒီလိုပဲ ဆွေးနွေးပြီးတော့ ရလာဒ်ကတော့ ငြင်းခုံကျပေမယ့် အင်မတန်ကောင်းတဲ့ အဖြေယူပြီးတော့ ဒါကို အသုံးချကြမယ်”

မွန်နိုင်ငံရေးပါတီ နှစ်ခုအနေနဲ့ အခုလိုပေါင်းစည်းနိုင်ဖို့ နှစ်နှစ်ကျော်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတွေရဲ့ ဆန္ဒအရ နာမည် ၁၄ ခုကောက်ခံခဲ့ပြီးမှ အဲဒီအထဲက နာမည်နှစ်ခုကို ထပ်မံရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပေါင်းစည်းခဲ့ကြတဲ့ ပါတီနှစ်ခုထဲက မွန်ဒီမိုကရေစီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။