မြောင်မြို့နယ်မှာ ရွာထဲ လက်နက်ကြီးကျည်ကျလို့ အရပ်သားနှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

2022.08.31
မြောင်မြို့နယ်မှာ ရွာထဲ လက်နက်ကြီးကျည်ကျလို့ အရပ်သားနှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဇီးကုန်းကျေးရွာမှာ ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့မှာ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်သူတစ်ဦးကို တွေ့ရစဥ်
Photo: Citizen Journalist
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ဇီးကျွန်းကျေးရွာအတွင်း ဒီကနေ့ ဩဂုတ်လ ၃၁ ရက်မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သားနှစ်ဦး သေဆုံးပြီး ကလေးငယ် နှစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
သေဆုံးသူတွေဟာ အသက် ၃၂ နှစ်အရွယ် ကိုကျော်စွာသိန်း နဲ့ အသက်၄၂ နှစ်အရွယ် ကိုခင်မောင်ဦးတို့ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ကျည်စထိမှန်လို့ နောက်ထပ်ကလေးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။
 
“စစ်သားတွေက အရင်က မြောင်မြို့နယ်က စစ်သားတွေနဲ့ ရေစကြိုမြို့နယ်ထဲကလာတဲ့ စစ်သားတွေပေါင်းလာတာ။ သူတို့လာတော့ တချို့လည်း ဘေးလွတ်ရာ ထွက်ပြေးနိုင်တယ်၊ တချို့လည်း မထွက်နိုင်ဘူး၊ ရွာကို လက်နက်ကြီးနဲ့ နှစ်ချက်ထိတာ၊ ပထမက ရွာအစွန် ကျတာ၊ နောက်တစ်ခါကျ ရွာအလယ်ကို ကျတာပဲ၊ အခုသေတဲ့သူတွေက ပြည်သူတွေပါ"
 
မြောင်မြို့နယ် ကျောက်ရစ်ရွာမှာ ရှိတဲ့ စစ်ကောင်စီစခန်းကို အသွား လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ရင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
 
နယ်မြေရှင်းလင်းရေးကြောင့် ကျောက်ရစ်ရွာ၊ ဇီးကျွန်းရွာ၊ သနပ်ကုန်းရွာ၊ သရက်သာရွာ စတဲ့ ရွာလေးရွာက ဒေသခံ ၂၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။