မုံရွာမြို့ တိုက်ခိုက်မှု ရဲနှစ်ဦး သေဆုံးပြီး သေနတ် နှစ်လက်ရခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ထဲမှာ မော်တော်ဆိုင်ကယ်နဲ့ လှည့်လည်နေတဲ့ ရဲနှစ်ဦးကို စစ်ကိုင်းတိုင်း လွတ်မြောက်ရေးတပ်ဖွဲ့ (SIA) က အောက်တိုဘာလ ၂၆ ရက် ဒီနေ့မနက်အစောပိုင်း တိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦးစလုံး သေဆုံးပြီး သေနတ် နှစ်လက် ရခဲ့တယ်လို့ SIA က ပြောပါတယ်။
“ဒုရဲအုပ်တစ်ဦးနဲ့ ရဲတစ်ဦး ကေတီဗွီက ပြန်လာတယ်လို့ကြားလို့ စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ၊ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ ရဲနှစ်ဦးစလုံး သေသွားတယ်၊ သေနတ် အတိုနှစ်လက် ရခဲ့တယ်၊ လွတ်မြောက်ရေး တပ်ဖွဲ့ကတော့ အထိအခိုက်မရှိ နောက်ဆုတ်နိုင်ခဲ့တယ်၊ စစ်အာဏာရှင်ကျဆုံးဖို့ ဆက်လက်လုပ်ဆောင်သွာမယ်” လို့ SIA အဖွဲ့ဝင် ဗိုလ်ခွန်ဆာက ပြောပါတယ်။
သေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့ သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး မုံရွာမြို့မှာ အဝင်အထွက်တွေအားလုံးကို စစ်ကောင်စီက တင်းကျပ်စွာစစ်ဆေးနေသလို ဖမ်းဆီးခံထားရသူတွေလည်း သုံးဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ ဒီရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး ဖြစ်ပေါ်နေပြီး အောက်တိုဘာလ ၂၅ ရက် မနေ့ကလည်း ဘိုးဘွားရိပ်သာအဝိုင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီရက်ပိုင်း ဖောက်ခွဲတာနဲ့ ပစ်ခတ်မှုတွေကို စစ်ကိုင်းတိုင်း လွတ်မြောက်ရေးတပ်ဖွဲ့ဝင် ဗိုလ်ခွန်ဆာနဲ့ ဂျောင်းဖော့ဘရန်ဆန် အပါအဝင် တပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ SIA က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။