၀န်ကြီး ဦးအောင်မင်းနဲ့ SSA ခေါင်းဆောင်တွေ့ဆုံ
2014.01.30

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့အဖွဲ့ဟာ ဒီကနေ့ မနက် ၈ နာရီလောက်က ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တစ်နာရီကျော်ကြာ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Green Lake Resort မှာ တွေ့ဆုံခဲ့ကြတဲ့ နှစ်ဖက်ဆွေးနွေးပွဲမှာ ဘားအံ အစည်းအဝေးမတိုင်မီ ရန်ကုန်မြို့မှာကျင်းပမယ့် တိုင်းရင်းသားအားလုံးပါဝင်တဲ့ အစည်းအဝေးကို RCSS အဖွဲ့ တက်ရောက်ဖို့ဖိတ်ကြားခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စ ပူးပေါင်းဆောင်ရွက်ကြ ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ RCSS အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စမှာ ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားကြမလဲ၊ ကျနော်တို့မှာ ဘယ်လိုအခန်းဏ္ဍာကနေ ဝင်ပါရမလဲဆိုတာ ဆွေးနွေးကြပါတယ်။ ဒီလော်ခီးလာဆွေးနွေးပွဲနောက်ပိုင်း ဒီဖေဖေါ်ဝါရီကျရင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များနဲ့အတူ ထပ်မံညှိနှိုင်းဖို့အတွက် လိုအပ်တဲ့ကိစ္စလေးတွေကို ညှိနှိုင်းဖို့ ရန်ကုန်ကို ဖိတ်ခေါ်ကြမှာ ဖြစ်ပါတယ်လို့ ပြောကြတယ်၊ အဲ့ဒီရန်ကုန်မှာ ဆွေးနွေးဖို့အတွက် ကျနော်တို့ အဖွဲ့အစည်းကိုလည်း ဖိတ်ခေါ်တယ်။ ရန်ကုန်မှာဆွေးနွေးပြီး ထွက်ပေါ်လာတဲ့ အခြေခံပေါ်မှာပဲ ဒီဘားအံမှာထပ်ပြီးတော့ ဆွေးနွေးဖို့၊ ရက်တွေသတ်မှတ်ဖို့၊ ဒါကြောင့်မို့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ကျနော်တို့ကိုလည်း တွေ့ဆုံပွဲမှာ ဖိတ်ကြားထားပါတယ်။”
ရန်ကုန်မှာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အစည်းအဝေးကိုတော့ ရက်အတိအကျ သတ်မှတ်ထားတာ မရှိသေးပေမယ့် ဖေဖေါ်ဝါရီ တတိယပတ်လောက်မှာ ခန့်မှန်းထားကြောင်း ဦးအောင်မင်းက ဆက်ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေနဲ့လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ် ဆိုတာတွေကိုလည်း ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောပါတယ်။
“ကျနော်တို့ သဘောထားကတော့ ဒီ ၂၀၁၃ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ လိုင်ဇာတွေ့ဆုံဆွေးနွေးပွဲမှာ ကျနော်တို့ အစိုးရကနေပေးထားတဲ့ ဒီ Freme work မူကြမ်းကို ကျနော်တို့က သဘောကျတယ်။ အဲ့ဒီမူကြမ်းအတိုင်း ဆက်သွားလို့ရမယ်ဆိုရင် ပိုကောင်းမယ်။ ဒါပေမယ့်လည်း ဒီ NCCT နဲ့ ထပ်မံညှိနှိုင်းပြီး ထွက်ရှိလာတဲ့ သဘောတူညီချက်ကိုလည်း ကျနော်တို့ လက်မှတ်ထိုးဖို့လည်း အသင့်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဒီနေ့တော့ ပူးပေါင်းဆောင်ရွက်သွားဖို့ပေါ့။ အဓိက ပြောကြပါတယ်။”
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ဘန်ကောက်မြို့၊ အဲဒီကတဆင့် မြန်မာနိုင်ငံကို လေကြောင်းလိုင်းနဲ့ ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။
ဝန်ကြီး ဦးအောင်မင်းနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ်တို့ တွေ့ဆုံပွဲနဲ့ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ ထိပ်တန်းအရာရှိ ဦးလှမောင်ရွှေကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးအောင်မင်းကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။