ငွေကြေးခဝါချမှု၊ တရားမဝင်ဝင်ရောက်မှု ဥပဒေတွေနဲ့ UDP ဥက္ကဋ္ဌငြိစွန်း
2020.10.15
မန္တလေးထောင်ကနေ ထွက်ပြေးပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာခဲ့တဲ့ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ကနဦးစစ်ဆေးချက်အရ ငွေကြေးခဝါချမှု ဥပဒေ၊ တရားမဝင်နိုင်ငံအတွင်း ဝင်ရောက်မှု ဥပဒေတွေနဲ့ ငြိစွန်းနေတာကို စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။
ဦးကျော်မြင့်ကို စစ်ဆေးချက်နဲ့ စုံစမ်းတွေ့ရှိချက်တွေအရ ၂၀၁၄ ကနေ ၂၀၂၀ အတွင်း သွင်းကုန်ထုတ်ကုန်လိုင်စင် လျှောက်ထားချက်မရှိဘဲ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း တရားမဝင် တင်သွင်းရောင်းချမှု တွေရှိခဲ့တယ်လို့ ပြောပါတယ်။
ဒီဆောင်ရွက်ချက်တွေကြောင့် ဝင်ငွေရလမ်းမဖော်ပြတဲ့ငွေကြေးတွေကို လက်ဝယ်ထားသုံးစွဲမှုနဲ့ ၂၀၁၄ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဦးဇော်ဌေးက ဒီနေ့ သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် ဦးကျော်မြင့်ဟာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝန်ထမ်းတွေ၊ ပါတီဝင်တွေကို အတိုးနှုန်းသတ်မှတ်ပြီး ငွေကြေးချေးပေးခဲ့တာတွေရှိပြီး ဒါဟာ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အတွင်း ကျခံရနိုင်သလို ကျပ်သန်း ၅၀၀ ထပ်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ် လို့ ဦးဇော်ဌေး ကပြောပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ကြေးပေးခဲ့တာတွေရှိပြီး ဒီအချက်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ၆ (စ)အရ ငြိစွန်းမှုရှိ၊ မရှိ စစ်ဆေးပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီလည်း အကြောင်းကြားထားတယ်လို့ ပြောပါတယ်။
ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်မှာ ထောင်ကျနေစဉ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကနေတဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပြီး ကနေဒါနိုင်ငံကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြောင်းန့ ၂၀၁၂ မှာ တရုတ်နိုင်ငံကို ရောက်ခဲ့ပြီးနောက် မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်ခဲ့တာ လို့ ပြောပါတယ်။
ကနဦးစစ်ဆေးတွေရှိချက်အရ ဦးကျော်မြင့်ရဲ့ ငွေကြေးပိုင်ဆိုင်မှု ၂၃ ဘီလီယံရှိတယ်လို့ ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။