ဆိပ်ကမ်းမဲဆန္ဒနယ် ရွေးကောက်ပွဲ အငြင်းပွားမှု NLD အနိုင်ရရှိ
2019.05.30

ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် ရဲ့ မဲရလဒ်အပေါ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးသန်းထိုက်အောင် က ကန့်ကွက်ထားတဲ့အမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အပြီးသတ်အမိန့်ချရာမှာ NLD ပါတီကို အနိုင်ပေးလိုက်ပါတယ်။
ဦးနေမျိုးအောင် ဟာ ၂၀၁၈ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက် ပွဲကာလအတွင်း မဲဆွယ်လှုပ်ရှားရာမှာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တာပါ။
ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ဟာ ရွေးကောက် ပွဲကော်မရှင် ဥပဒေပုဒ်မ ၆၆ အရ တရားလိုလုပ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
မဲဆွယ်ကာလအတွင်း ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရုံးကို နိုင်ငံပိုင်မြေပေါ်မှာ တည်ဆောက်ထားတာ၊ ရွေးကောက်ပွဲမတိုင်မီ ပါတီရဲ့ ငွေချေးလုပ်ငန်းကနေ ငွေကြေးချေးငှားခဲ့တာ၊ ဘာသာရေးကိုအခြေခံပြီး မဲဆွယ် စည်းရုံးတာ၊ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တာ စတဲ့အချက်တွေအရ ရွေးကောက်ပွဲကော်မရှင် ဆီ တိုင်ကြားခဲ့တာလို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးနေမျိုးအောင် ဟာ NLD ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ကို မဲရလဒ် ၅၀၀ ကျော်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဦးနေမျိုးအောင်အနေနဲ့ ၁၅ ရက်အတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အယူခံလျှောက်ထား ခွင့်ရှိတယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။