လွှတ်တော်သစ်မှာ ခြေဥ ပြင်ရေး UNA ဦးစားပေးမည်
2015.12.22

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် လွှတ်တော်အသစ်မှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေကို တိုင်ပင်ဖို့အတွက် UNA အစည်းဝေးကို ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
UNA အဖွဲ့ဝင်ပါတီတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထားဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ပြောပါတယ်။
"ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ကိစ္စရယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ကိစ္စများရယ် ဒီကိစ္စများအားလုံးသည် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တဆက်တည်းဖြစ်နေတယ်၊ လွှတ်တော်ထဲမှာ ဒါတွေကိုဖော်ဆောင်နိုင်ဖို့ ဖွဲ့စည်းပုံပြင်ဖို့၊ ပယ်ဖျက်သင့်တဲ့ ဖွဲ့စည်းပုံတွေကို ပယ်ဖျက်ဖို့ UNA အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ပူးပေါင်းဆောင်ရွက်ပြီးတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေ မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
လာမယ့်လွှတ်တော်အသစ်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ အဖွဲ့ဝင်ပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၁၅ ဦး၊ မွန်အမျိုးသားပါတီက ကိုယ်စားလှယ် ၁ ဦး၊ ဇို မီးဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ကိုယ်စားလှယ် ၄၀ တို့ တက်ရောက်မှာဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကို ရခိုင်အမျိုးသားပါတီက ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၂၀ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦးနဲ့ မွန်အမျိူးသားပါတီက ၂ ဦး စုစုပေါင်း ၄၇ ဦး တက်ရောက်မှာဖြစ်ပါတယ်။
UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင် အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ရခိုင်မျိုးချစ်ပါတီ အစရှိတဲ့ နိုင်ငံရေးပါတီ ၆ ပါတီက လည်း UNA အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာ တင်ထားတယ်လို့ သိရပါတယ်။