UNFC အဖွဲ့အားလုံး ၂၁ ပင်လုံတက်ပြီး ပူးပေါင်းဆောင်ရွက်မည်


2016.08.25
unfc-meeting-620.jpg UNFC အဖွဲ့ဝင် ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ သြဂုတ်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Aung Moe Myint/RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် တိုးချဲ့အစည်း အဝေးက ၂၁ ပင်လုံညီလာခံ တက်ရောက်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

UNFC အဖွဲ့ဝင် ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ် ပါတယ်။

ညီလာခံမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောထားတွေ ချမှတ်ခဲ့တာဖြစ်တယ်လို့ ဦးထွန်းဇော် က သတင်းထောက်တွေကို ပြောပါတယ်။

"တင်ပြခွင့်ရှိတဲ့အပေါ်မှာ ကျနော်တို့က ဘယ်လိုလုပ်မလဲ ဒါကို ဆွေးနွေးသုံးသပ်တာပေါ့၊ ဆွေးနွေးသုံး သပ်တော့ ကျနော်တို့ကကျတော့ ဒါဟာ နိုင်ငံရေးအရလည်းပဲ သိပ်ကွဲပြားမှုမရှိဘူး၊ ကျနော်တို့အဖွဲ့တွေ ကြားထဲမှာ လက်မှတ်ရေးထိုးထားတဲ့ ညီနောင်အဖွဲ့အစည်းတွေရော၊ ကျနော်တို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရော ကြားထဲမှာ မူအရသိပ်ကွဲကွဲပြားပြား မရှိဘူး၊ ဆိုတော့ ကျနော်တို့က အားလုံးစုပေါင်း ပြီးတော့မှ အတူတကွ တင်ပြကြမယ်ဆိုတဲ့ သဘောထားမျိုး ချမှတ်ပါတယ်၊ အကြောင်းအရာကတော့ ကျနော်တို့ အခု နိုင်ငံရေးမူပေါ်မှာရှိနေတဲ့ ဖရိန်းပေါ့၊ အကြောင်းအရာ ကဏ္ဍကြီး ၆ ရပ်အပေါ်မှာ ကျနော်တို့ အခြေခံမယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတ လုံခြုံရေး နောက်ပြီးတော့ အထွေထွေကဏ္ဍ ဆိုတဲ့ ကဏ္ဍကြီး ၆ ရပ်အပေါ်မှာ အခြေခံပြီးတော့မှ အခြေအနေပေးရင်ပေးသလို ကျနော်တို့ကတော့ တင်ပြသွားဖို့ သဘောထား ရှိပါတယ်"

ဒီကနေ့ ပြီးဆုံးသွားတဲ့ ဒီအစည်းအဝေးကနေပြီး ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးအတွက် ကျင်းပရေး ပူးတွဲကော်မတီနဲ့ လုပ်ငန်းကော်မတီ ၁ဝ ခုမှာ ပါဝင်လုပ်ကိုင်ကြဖို့ ကိုယ်စားလှယ်တွေ ရွေးချယ်ခဲ့ ကြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ပူတွဲကော်မတီ ၇ ဦးကို နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်ရေး ကိုယ်စားလှယ်အဖွဲ့ DPN က ဒုအဖွဲ့ခေါင်းဆောင် ၁ ဗိုလ်ချုပ် စိုင်းထူး၊ ဒုအဖွဲ့ခေါင်းဆောင် ၂ ဗိုလ်ချုပ် ဂွန်မော် အပါအဝင် မွန်ပြည်သစ်ပါတီက နိုင်အောင်မငေး၊ ရခိုင်အမျိုးသားကောင်စီအဖွဲ့က ဗိုလ်မှူးကြီး မင်းထွန်း၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ခူးထဲဘူး၊ ရှမ်းပြည်တိုးတက်ရေးပါတီက စိုင်းဘထွန်း တို့ကို ရွေးချယ်ခဲ့ ပါတယ်။

ဒီအစည်းအဝေးကို UNFC အဖွဲ့က နှုတ်ထွက်ခွင့်တင်ပြထားတဲ့ ပလောင်အမျိုးသားလွတ် မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့က တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဖြစ်တဲ့ ဗိုလ်မှူး တာပန်လလည်း တက်ရောက်ပါတယ် ။ UNFC အဖွဲ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ စတဲ့အဖွဲ့တွေနဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။ ၂ ရက်ကြာ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် တိုးချဲ့အစည်းအဝေးကို အဖွဲ့ဝင် ၇ ဖွဲ့ က ခေါင်းဆောင် ကိုယ်စားလှယ် ၃ဝ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။