အစိုးရနဲ့ ဆက်ဆွေးနွေးဖို့ UNFC အဖွဲ့တွင်း အစည်းအဝေး ကျင်းပမည်


2018.01.25
unfc-622.jpg UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ဝ၁၇ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့က စတင်ကျင်းပစဉ်
Photo: Aung Moe Myint/ RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ NCA မှာ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကျန်နေတဲ့အဖွဲ့တွေအနေ နဲ့ ဘယ်လိုပုံစံမျိုး အစိုးရနဲ့ ဆက်လက်တွေ့ဆုံမလဲဆိုတာကို မကြာခင်ဆွေးနွေးဖို့ရှိတယ်လို့ UNFC ပြောခွင့်ရ ဦးထွန်းဇော် က ပြောပါတယ်။

အစိုးရနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေနဲ့ UNFC အဖွဲ့ခေါင်းဆောင်တွေ နှစ်ဖက်တွေ့ဆုံဖို့ တောင်းဆို ထားချိန်မှာ ဒီလို အခြေအနေဖြစ်လာတဲ့အတွက် UNFC အဖွဲ့ဝင် ၄ ဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

"UNFC မှာ ကျန်နေတဲ့ အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ DPN ရဲ့စုဖွဲ့မှုနဲ့ DPN နဲ့လုပ်နေတဲ့ အလုပ်တွေက မပြီးပြတ်သေးဘူး ဖြစ်ပါတယ်။ DPN ကို ညွှန်ကြားထားတာက နှစ်ဖက်ထိပ် သီးခေါင်းဆောင်တွေ တွေ့ဆုံနိုင် မှုအတွက် ပြင်ပါဆောင်ရွက်ပါဆိုလို့ ဒီကြားထဲမှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်စပ်ပြီးမှဆောင်ရွက်နေတဲ့ အဆင့်မှာပဲရှိသေးတယ်၊ အဲလိုဆောင်ရွက်နေတဲ့ အချိန်အတွင်းမှာပဲ ဒီလိုမျိုးကောက်ကာငင်ကာ ထလုပ်ကြတဲ့ အခါကြတော့ ဒီကြားမှာ ပြင်ဆင်ဆောင်ရွက်ကြတဲ့သူတွေကပဲ လိုတာလား ဘယ်လိုလဲတော့ မသိတော့ဘူး၊ အဲဒါကြောင့် ကျတော်တို့အကြားမှာတော့ သုံးသပ်မှုတွေ အကျေအလည်ဆွေးနွေးမှုတွေတော့လိုနေပါတယ်"

UNFC အဖွဲ့ရဲ့ ကောင်စီအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ ဒုတိယပတ်လောက်မှာပြုလုပ်ပြီး ဘယ်လိုပုံစံနဲ့ အစိုးရနဲ့ ဆွေးနွေးမလဲဆိုတာ ဆုံးဖြတ်မယ်လို့လည်း ဦးထွန်းဇော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကတော့ UNFC အဖွဲ့မှာ ကျန်ခဲ့တဲ့ KNPP ကရင်နီအမျိုး သားတိုးတက်ရေးပါတီနဲ့ ရခိုင်အမျိုးသားကောင်စီ ANC တို့ဟာ UNFC အဖွဲ့ကို ကိုယ်စားပြုမလားဆိုတာ သူတို့အဖွဲ့အတွင်း ဆုံးဖြတ်ရမှာဖြစ်ပြီး အဲဒီအချက်အပေါ်မူတည်ပြီးမှသာ အစိုးရက သူတို့အဖွဲ့ကို UNFC အဖြစ် အသိအမှတ်ပြုမလားဆိုတာနဲ့  ဘယ်လိုပုံစံဆွေးနွေးမယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

မကြာခင် NCA စာချုပ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ လက်မှတ်ထိုးဖို့ လုပ်နေပြီဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

UNFC အဖွဲ့က အစိုးရကို တင်ပြထားတဲ့ အချက် ၈ချက်ရှိပြီး အဲဒီအထဲမှာ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး သဘောတူညီချက်မရဘဲ တစ်ဆို့နေတာလို့ မနေ့က ရက်စွဲနဲ့ သဘောထားထုတ်ပြန်ထားပါတယ်။

အစိုးရနဲ့ UNFC ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ရာမှာ ခြောက်ကြိမ်မြောက်အထိ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး သဘောတူထားခဲ့ပေမယ့် နောက်တကြိမ်တွေ့တဲ့အခါမှာ ဒီစကားရပ်နဲ့ ပတ်သက်ပြီး အစိုးရဘက်က လက်မခံတဲ့ ပုံစံမျိုးရှိလာတာရှိတာဖြစ်တဲ့အတွက် နှစ်ဖက်ခေါင်းဆောင်ချင်း တွေ့ဆုံပြီး ဒီကိစ္စအပေါ်မှာ ဆုံးဖြတ်ဖို့တင်ပြထားတာဖြစ်တယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

အလားတူ UNFC အဖွဲ့မှာ ကျန်နေသေးတဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ ဘယ်လို ရှေ့ဆက်ဆွေးနွေးမလဲဆိုတာဟာ အစိုးရရဲ့ အမျှော်အမြင်နဲ့ စေတနာအပေါ်မှာ မူတည်နေတယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။