UNFC နဲ့ ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေ မဲဆောက်မှာ တွေ့ဆုံ


2014.07.03
unfc-party-305 ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဇူလိုင်လ ၃ ရက်နေ့က UNFC နဲ့ ပြည်တွင်း ဒီမိုကရက်တစ်အင်အားစုတွေ တွေ့ဆုံဆွေးနွေး စဉ်
Photo: Moe Kyaw/RFA

ပြည်တွင်း ဒီမိုကရက်တစ်အင်အားစု ၅ ဖွဲ့ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC က ဖိတ်ကြားပြီး မြန်မာနိုင်ငံ ဒီမိုကရေ စီဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုပေါ်ပေါက်ရေး တို့အတွက် ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရတာနဲ့ ပတ်သက်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ UNFC ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုမန်းမန်းက အခုလိုပြောပါတယ်။

"ပထမတစ်ချက်ကတော့ ဒီမိုကရေစီအရေးကိစ္စတွေ၊ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စတွေ၊ တတိယတစ်ချက်ကတော့ စစ်မှန်တဲ့နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်နိုင်ရေးဆိုတဲ့ အခြေခံရည်ရွယ်ချက် ၃ ချက်အပေါ်မှာ ကျနော်တို့ UNFC နဲ့ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ပေါ့နော် ရှေ့ဆက်ပြီးတော့မှ ဘယ်လိုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်လို့ရမလဲ၊ တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုပံ့ပိုးဆောင်ရွက်နိုင်မယ်ဆိုတဲ့ကိစ္စတွေ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ အဖြေတစ်ခုရနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်"

တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့  ကိုကိုကြီးက အခုလိုပြောပါတယ်။

"ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးမရှိပဲနဲ့ ကျနော်တို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ဆိုတာ မလုပ်နိုင်ဘူး၊ ဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေးကို အခြေခံအကျဆုံး ဖြေရှင်းရမယ့်ပြဿနာ အဖြစ် ကျနော်တို့ ၈၈ မျိုးဆက်က ခံယူထားတယ်၊ ဒါကြောင့်လည်း ဒီဘက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ခေါ်တဲ့ အခါမှာ ကျနော်တို့ အခုလိုလာတက်ရောက်ပြီး ဆွေးနွေးတာဖြစ်ပါတယ်၊ အဓိကက ကျနော်တို့ ထိတွေ့မှုများ လာတာနဲ့အမျှ ကျနော်တို့ ယုံကြည်မှုတွေ ပိုပြီးတည်ဆောက်နိုင်မယ်၊ နားလည်မှုတွေ ပိုရလာမယ်"

ဒီတွေ့ဆုံပွဲမှာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားရေးရာကော်မတီ၊ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ဦးဆောင်ကော်မတီစတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၄၀ ကျော်တက်ရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ၂ ရက်ကြာ ပြုလုပ် မှာဖြစ်ကြောင်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။