အစိုးရနဲ့ UNFC အစည်းအဝေး ရွှေ့ဆိုင်း
2017.11.16

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ NCA လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ အချက်တွေကို ဒီနေ့ ရန်ကုန်မြို့ NRPC မှာ ဆွေးနွေးဖို့ရှိပေမယ့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီ ၉ ကြိမ်မြောက် အစည်းအဝေးကို ဘာကြောင့်ရွှေ့ဆိုင်းလိုက်ရတယ်ဆိုတာကို ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတွေနဲ့ DPN အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုမယ့်သူ မရှိသေးပါဘူး။
UNFC က တင်ပြထားတဲ့ အချက် ၉ ချက်ထဲက အတော်များများ သဘောတူညီချက်ရထားပြီဖြစ်တဲ့အတွက် အချက်အနည်းလောက်ကိုသာ ဆွေးနွေးဖို့ရှိတော့တယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေအပြီးမှာ ပြောထားပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်က အဖွဲ့ဝင်တစ်ဦးကတော့ ဒီတစ်ကြိမ်ဆွေးနွေးပွဲ ရွှေ့ဆိုင်းလိုက်ရတာကြောင့် ဘယ်နေ့လောက်မှာ ထပ်မံတွေ့ဆုံနိုင်မလဲဆိုတာ မသိနိုင်သေးဘူးလို့ ပြောပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တင်ပြထားတဲ့ အချက်တွေထဲမှာ အစိုးရနဲ့ တပ်မတော်ဖက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာပေးဖို့၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက် အပြည့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့၊ ၂၁ ပင်လုံညီလာခံက ရရှိတဲ့ သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေတွေကိုရေးဆွဲပြဌာန်းဖို့၊ အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့မှာ နှစ်ဖက်လက်ခံနိုင်တဲ့ နိုင်ငံတကာက အစိုးရ ကိုယ်စားလှယ်တွေပါဝင်ဖို့စတဲ့ အချက်တွေပါဝင်ပါတယ်။