UNFC က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အားနည်းချက်တွေကို ထောက်ပြ


2017.06.30
unfc-jun29-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂ဝ ရက်ကနေ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို တွေ့ရစဉ်
Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂၉ ရက်နေ့ မနေ့ကကျင်းပပြီးစီးသွားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ညီလာခံကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်လိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လျှင်မြန်စေဖို့အတွက် ပြည် တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တူညီခိုင်မာတဲ့မူတွေရရှိအောင် လာမယ့် သြဂုတ်လထဲမှာ ညီလာခံတစ်ရပ် ခေါ်ယူကျင်းပသွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

UNFC ရဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ်အစည်းအဝေး ကျင်းပရာမှာ အားနည်းချက်တွေရှိနေပြီး ညီလာခံရလဒ်တွေဟာ အားလုံးကို ကိုယ်စားပြု လွမ်းခြုံမှုမရှိတဲ့အပြင် ညီလာခံ တက်ရောက်တဲ့ အဖွဲ့အစည်း အားလုံးရဲ့ ဆုံးဖြတ်ချက်တွေဟာလည်း မပါရှိဘဲ ညီလာခံကျင်းပပုံနဲ့ ဆုံးဖြတ်ချက် ချမှတ်ပုံ နည်းလမ်းတွေဟာ ရှင်းလင်းမှုမရှိတဲ့ အားနည်းချက်တွေရှိနေ တာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီအားနည်းချက်တွေနဲ့ ပတ်သက်လို့ UNFC ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကိုယ်စားလှယ် စိုင်းကျော်ညွန့် က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

"ဒီအားနည်းချက်တွေ သုံးသပ်တယ် တွေ့ရှိတယ်ဆိုတာ ဒါက အဖွဲ့အစည်းတိုင်းကလည်း အခု KNU လည်း သဘောထား ထုတ်ပြန်ကြေညာချက်ထွက်တယ်၊ RCSS လည်း သဘောထား ထုတ်ပြန်ချက် ထွက်တာတွေရှိတယ်၊ ဒီအပေါ်မှာ ဒီဖြစ်စဉ် ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးရဲ့ အားနည်းချက်တွေ သူတို့ ရဲ့ ထောက်ပြထားတာတွေ ရှိပါတယ်။ အဲတော့ ဒီကျနော်တို့က ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး ကို အောင်မြင်ချင်တယ်ဆိုရင်တော့ဖြင့် ဒီအားနည်းချက်ကို ပြုပြင်ရမှာပဲ၊ ဒါအစိုးရဘက်ကလည်း သူတို့လည်း သုံးသပ်တာရှိမှာပဲ သူတို့လည်း မြင်မှာပဲ၊ တကယ့်အားနည်းချက်တွေကို အဲ့တော့ အဲဒီဟာတွေကို အတူတကွ ပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်တယ် ပြင်ဆင်နိုင်တယ်၊ ဒီထက်ကောင်းအောင် အတူတကွ လုပ်နိုင်တယ်ဆိုရင်တော့ဖြင့် ကျနော်တို့ ပြုပြင်ပြောင်းလဲမှုဆိုတာ အဲ့လိုပဲသွားရမှာကိုး။"

ဒါ့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစုအဖွဲ့တွေအားလုံး ပါဝင်နိုင်ဖို့ ၊ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အဆင့်ဆင့်မှာ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အခြေ အနေရောက်အောင် လုပ်ဆောင်ပြီးမှသာ ပြည်ထောင်စု သဘောတူစာချုပ် လက်မှတ်ရေးထိုး အကောင် အထည်ဖော်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒီအစည်းအဝေးကို UNFC အဖွဲ့ဝင်တွေအပြင် မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူထုအခြေပြုလူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ အပါအဝင် လေ့လာသူတွေ နည်းပညာအထောက်အကူပြုတွေ အပါအဝင် စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်ခဲ့ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။