တိုင်းရင်းသားတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမည်
2011.12.03
နိုဝင်ဘာလ ၂၆ ရက်ကနေ ၃ဝရက်နေ့ထိ ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ကျင်းပခဲ့တဲ့ UNFC အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အသစ်ဖွဲ့မယ့် ပြည်ထောင်စုတပ်မတော်ရဲ့ ကာကွယ်ရေးကော်မီတီဝင် KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ က ပြောပါတယ်။
“ပြည်နယ် တပြည်နယ်၊ သို့မဟုတ် အခုအဆင့်မှာ ဆိုရင်တော့ အဖွဲ့တဖွဲ့က တရာဆိုရင်လည်းတရာ၊ တထောင်ဆိုရငလည်း တထောင်ပေါ့ ပြည်ထောင်စုတပ်ကို ပို့ပေးမယ်။ ပြည်နယ်မှာလည်း သူ့တပ်သူ ရှိမယ်လေ။ ပြည်ထောင်စုတပ်ကတော့ တပြည်လုံး အတိုင်းအတာနဲ့ စစ်ရေးတာဝန်ကို ထမ်းဆောင်ရမယ်။ အစတည်းက ဒီရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတပ်ကြီး ဖွဲ့မယ်ဆိုရင် ဦးသိန်းစိန်တို့ပဲဖြစ်ဖြစ် နအဖ ပဲဖြစ်ဖြစ် နည်းနည်း တွန့်ဆုတ်သွားမလား ဆိုပြီး နည်းနည်း စောင့်ကြည့်နေတာ။ အခုဟာက အပစ်အခတ် ရပ်ပါ ရပ်ပါ ပြောတာကို မရပ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ရှေ့ရေးလည်း ပြင်ဆင်ရမယ်၊ ဆက်လုပ်ရမယ်ဆိုတဲ့ သဘော”
ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စကို UNFC ကောင်စီထဲမှာ ပါတဲ့ ၁၂ ဖွဲ့စလုံးက သဘောတူတယ်လို့ သိရပါတယ်။
ပြည်ထောင်စု စစ်တပ်နဲ့ ပတ်သက်ပြီး တပ်ဖွဲ့စည်းပုံကို အကြမ်းဖျင်း ရေးဆွဲထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာတော့ ပြည်ထောင်စုစစ်တပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် KNU က ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို ရည်ရွယ်ထားခဲ့ပြီး အသက်အရွယ် အရရော အလုပ်တာဝန် များပြားတာကြောင့် သူက ငြင်းပယ်ခဲ့တဲ့အတွက် အခုတော့ စစ်ဦးစီးချုပ် အသစ်တဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် KNPP ကရင်နီတပ်က စစ်ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်ချုပ်ဘီတူးကို လျာထားတယ်လို့လည်း သိရပါတယ်။