ဂီရိမုန်တိုင်းဒုက္ခသည်များအား ဒေါ်လာ တသန်းခွဲ အမေရိကန် ထပ်မံကူညီမည်

ရခိုင်ပြည်နယ်က မုန်တိုင်းဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့နိုင်ဖို့ အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ တသန်းခွဲ လှူဒါန်းမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၁ ရက် မနေ့က ပြောပါတယ်။

2011.01.12
cyclone_giri_victims_305_z.png ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့ စုရုံး ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
(Photo: RFA Listener)

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Nicole Thompson က RFA ကိုပြောဆိုခဲ့ရာမှာ အခု လှူဒါန်းတဲ့ငွေဟာ နောက်ဆက်တွဲ ထောက်ပံ့ကူညီတာပါ။ ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းဒုက္ခသည်တွေရဲ့ အမိုးအကာ၊ သောက်ရေ၊ အသုံးအဆောင်ပစ္စည်းတွေအတွက် အမေရိကန်အစိုးရနဲ့ ပြည်သူတွေက ဒေါ်လာ သုံးသိန်းကျော်ဖိုး လှူဒါန်းထားပြီးသားပါ။ အခုတခေါက်ကတော့ စားနပ်ရိက္ခာ အထောက်အပံ့တွေအတွက် ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

မုန်တိုင်းဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဝယ်ယူဖို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန (USAID) က တဆင့် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ဒေါ်လာ တသန်းခွဲ ပေးအပ်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ မနေ့က သတင်း ထုတ်ပြန်ချက်မှာလည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်သင့်သူတွေအတွက် လူသားချင်း စာနာကူညီတဲ့ အထောက်အပံ့တွေနဲ့ ဂီရိမုန်တိုင်းဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ ၈၃ သန်းကျော် ရှိသွားပြီလို့ ဖော်ပြထား ပါတယ်။

၂၀၁၀ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ ဂီရိမုန်တိုင်း မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တာကြောင့် လူဒါဇင်ချီ သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အခြေခံ အဆောက်အအုံတွေလည်း ပျက်စီးခဲ့တဲ့အပြင် လယ်ယာမြေတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

အခုချိန်ထိ မုန်တိုင်းဒုက္ခသည် နှစ်သိန်းကျော်အတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲပဲလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။