လိုင်ဇာပစ်ခတ်မှု ရန်ကုန်မှာ ဆွေးနွေးမယ်
2014.12.17

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှာ ဆွေးနွေးကြတဲ့အခါ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေအပြင် လိုင်ဇာမြို့က သင်တန်းကျောင်းထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စကိုလည်း ဆွေးနွေး ဖွယ်ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"တခြားဆွေးနွေးလိုတဲ့ အချက်အလက်တွေကိုလည်း ထပ်ဆွေးနွေးမယ့်သဘောပါပါတယ်၊ အပစ်ခတ်ရပ် စဲရေး သဘောတူစာချုပ်က အဓိကဆွေးနွေးမယ့် အနေအထားပါ၊ တခြားကိစ္စရပ်များမှာတော့ ဒါပါနိုင်ပါတယ်၊ အခုဆွေးနွေးတယ်ဆိုတော့ စားပွဲဝိုင်းမှာပဲ ပြောရမှာဖြစ်တဲ့အတွက် စားပွဲဝိုင်းကိုပဲ လာရောက်မယ့်သဘော၊ အဲ့ဒါမလာတာနဲ့စာရင် အများကြီးကောင်းပါတယ်"
ပြီးခဲ့တဲ့စက်တင်ဘာလ ဆွေးနွေးပွဲအပြီး နိုဝင်ဘာလအတွင်း ထပ်မံဆွေးနွေးသွားဖို့ သဘောတူညီမှုရှိခဲ့ပေမဲ့ အစိုးရတပ်က လိုင်ဇာအခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ဆွေးနွေးပွဲမဖြစ်ခဲ့ပဲ ကြန့်ကြာခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးဗဟိုဌာနက တာဝန်ရှိသူတချို့ တေ့ွဆုံခဲ့ပြီးနောက် အခုလို ၂၂ ရက်နေ့ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ သဘောတူညီခဲ့ တာဖြစ်ပါတယ်။