ကုလလူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် မြန်မာကို ရောက်ရှိ


2018.04.02
ursula-mueller-622.jpg ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်
Photo: Ursula Mueller - Twitter

ရခိုင်ပြည်နယ် ပြဿနာနဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ မနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ ကို ရောက်ရှိလာခဲ့ပါတယ်။

လက်ထောက်အတွင်းရေးမှူးချုပ် Mueller ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်သလို လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် အကြီးတန်းအရာရှိတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

သီတင်းတစ်ပတ်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အပြင် စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စဘဇားက ဒုက္ခသည်စခန်းတွေကို မြန်မာအစိုးရ ဝန်ကြီးတစ်ဦး ပထမဦးဆုံး အကြိမ် လာရောက်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူ က ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူ ဘယ်ဝါ ဆိုတာတော့ မပြောပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ က ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဒါကာမြို့ကို သုံးရက်ကြာ လာရောက်ခဲ့ပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေကို ရခိုင်ပြည်နယ်က မီးလောင်ပျက်စီးသွားလို့ လူသူ လစ်လပ်နေတဲ့ နေရာတွေမှာ လာရောက်နေထိုင်ဖို့ အာဏာပိုင်တွေက ခေါ်ယူခဲ့တယ်လို့ AFP သတင်း ကဖေါ်ပြပါတယ်။

မြိုတိုင်းရင်းသားတွေအပါအဝင် မိသားစု ၅၀ လောက် ပြောင်းရွှေ့လာခဲ့ကြတယ်လို့လည်း ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။