လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် စစ်တွေ ရောက်ရှိ


2018.04.04
ursula-mueller-622.jpg ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်နေ့က သွားရောက်ခဲ့စဉ်
Photo: RFA

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒီနေ့ တေ့ွဆုံခဲ့သလို စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ခဲ့ပါတယ်။

မွတ်စလင်တွေနေထိုင်တဲ့ ဒါးပိုင်ကယ်ဆယ်ရေးစခန်းအနီးမှာ ယာယီတဲတွေနဲ့ နေတဲ့ဒေသခံတွေနဲ့လည်း တွေ့ဆုံပြီး အခြေအနေတွေ မေးမြန်းခဲ့တယ်လို့ ဒါးပိုင်ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးသိန်းမောင် က ပြောပါတယ်။

"ကျနော်တို့နဲ့ တွေ့ပြီးတော့မမေးဘူး။ တဲမှာမေးတယ်။ ကျနော်တို့ ဒုက္ခသည်တွေကို မမေးဘူး။ ယာယီတဲသမား တွေကိုတွေ့ပြီးတော့ သူတို့နဲ့ပဲ မေးပြီးပြန်သွားတယ်။ ယာယီတဲသမားတွေဆိုရင် သူတို့ မီးရှို့ဒုက္ခသည်တွေ မဟုတ်ဘူး။ အောက်ပိုင်းက ရွာခံသားတွေ၊ သူတို့ဆီကိုမေးတော့ သူတို့ကို ဓာတ်ပုံရိုက်တယ်။ သူတို့ကိုမေးတယ်။ ဘယ်ကဝယ်သလဲ၊ ရောင်းတော့ဘယ်လောက်ရသလဲ။ မိသားစုဘယ်နှစ်ဦးလဲ။ ၅ ဦး ၆ ဦး အဲလိုပြောပါတယ်။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ စကားပြောဆိုခွင့် မရခဲ့တဲ့အတွက် စိတ်မကောင်းကြောင်း နဲ့ မူလနေရာတွေမှာ ပြန်လည်နေထိုင်ချင်ကြောင်း ဒုက္ခသည်တွေက ပြောချင်နေကြတယ်လို့ ဦးသိန်းမောင်က ဆိုပါတယ်။

လက်ထောက်အတွင်းရေးမှူးချုပ်ဟာ မနက်ပိုင်းမှာ စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေအပြင် အောင်မင်္ဂလာ ရပ်ကွက်မှာလည်း မွတ်စလင်တွေနဲ့ တေ့ွဆုံခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူဟာ ရခိုင်ပြည်နယ် ပြဿနာနဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို လေ့လာဖို့အတွက် ဧပြီ ၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

သူ့ရဲ့ တစ်ပတ်ကြာခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အပြင် စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။