ဒုက္ခသည်အားလုံးကို အကာအကွယ်ပေးဖို့ ကုလအကြီးအကဲ တောင်းဆို
2018.04.08

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ရသူအားလုံးကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အရေးပေါ်ကယ်ဆယ်ရေး ဒုတိယ ညှိနှိုင်းရေးမှူး အာဆူလာ မွယ်လာ Ursula Mueller က ဧပြီလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအကြီးအကဲဖြစ်သူက "မြန်မာအစိုးရ၊ အကူအညီပေးရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအားလုံးရဲ့ သော့ချက်ဟာ ဘေးအန္တရာယ် ကျရောက်နေသူအားလုံးကို အကာအကွယ်ပေးရေး ဖြစ်ဖို့ လိုအပ်ပါတယ်" လို့ပြောပါတယ်။ ဒါ့အပြင် ဘေးဒုက္ခရောက်နေသူအားလုံး မည်သူမဆို လူမျိုး၊ ဘာသာ၊ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း စတာတွေကို မခွဲခြားဘဲ တိုင်းပြည်အတွင်းမှာ ရှိနေရင် သူတို့လိုအပ်တဲ့ အကာအကွယ်ပေးဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
မစ္စက် မွယ်လာဟာ ရခိုင်ပြည်နယ်က ၆ နှစ်ကြာရှိပြီဖြစ်တဲ့ လူဦးရေ တစ်သိန်းသုံးသောင်းကျော်လောက်ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုရာမှာ ဒုက္ခသည်တွေ နေထိုင်ရတဲ့ စခန်းအခြေအနေဟာ စိတ်မချမ်းမြေ့ဖွယ်ရာကို တွေ့ရှိရကြောင်း ပြောပါတယ်။
ဒါ့အပြင် သူဟာ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ လတ်တလော တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကချင်နဲ့ ရှမ်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သောင်းလောက်ရှိလာတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကုလအကြီးအကဲဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက် ကူညီသွားမယ်လို့ ကတိပေးခဲ့ ပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်လည်နေရာချထားရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။