ကုလအကြီးအကဲ ကချင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ


2018.04.06
ursula-mueller-kachin-622.jpg ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Ms. Ursula Mueller ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်က ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းအသင်းတော်ကယ်ဆယ်ရေးစခန်းကို သွားရောက်လေ့လာစဉ်
Photo: Kyaw Myo Min/RFA

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Ms. Ursula Mueller ဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရွာက ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ကယ်ဆယ်ရေးစခန်းကို ဒီကနေ့ လေ့လာခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို သုံးနှစ်အတွင်း မူလရပ်ရွာတွေမှာ ပြန်လည်နေထိုင်နိုင်အောင် အစိုးရနဲ့အတူ ပူပေါင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ အဲဒီစခန်းတာဝန်ခံ ဦးမရန်ဇော်လုံး က ပြောပါတယ်။

"ဒီမှာပဲ နေလို့တော့မဖြစ်ဘူး။ လုပ်အားလည်းစိုက်ထုတ်ပြီးမှ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ်ပိုင်း ဆိုင်ရာလည်း နိမ့်ကျသွားတယ်။ ကြာလာရင်တော့။ နောက်ပြီးမှ ကျနော်တို့ သုံးနှစ်အတွင်းမှာ ပံ့ပိုးပေးပါ။ ထူထောင်ရေးပေါ့။ အစိုးရနဲ့ပူးပေါင်းပြီးမှ UN ကနေလည်းပဲ ဘာတွေဘာတွေ ဘယ်လိုဆိုတဲ့ဟာကို သုံးနှစ်အတွင်းမှာ ကျနော်တို့စစ်ရှောင်ပြည်သူတွေကိုပေါ့နော်၊ နေ ရပ်ပြန်နိုင်အောင်ပေါ့၊ ကြိုးစားပေးဖို့လည်း ဆွေးနွေးတာပေါ့လေ။"


ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရချိန်မှာ သူတို့ရဲ့ရွာတွေတဝိုက်က မြေတွေမှာ လုပ်ငန်းရှင်တွေက တရုတ်တစ်သျှူးငှက်ပျောတွေ စိုက်ပျိုးနေကြတာတွေကိုလည်း တင်ပြခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကလေးတွေရဲ့ ပညာရေးအခြေအနေတွေနဲ့ ရိက္ခာတွေ ဆက်လက်ပံ့ပိုးပေးဖို့ကိုလည်း ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မိုင်းနာကက်သလစ်အသင်းတော် ကယ်ဆယ်ရေး စခန်းကိုလည်းသွားရောက် မှာဖြစ်သလို အဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ Ms. Ursula Mueller  ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အစိုးရထိပ် ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒါ့အပြင် ဧပြီ ၄ ရက်နဲ့ ၅ ရက်နေ့တွေကတော့ ရခိုင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းတချို့ကို သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။