FDI ဥပဒေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ခွဲခြား ဆက်ဆံ
2016.08.23

လက်ရှိတည်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ FDI ဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ခွဲခြားဆက်ဆံထားတဲ့ ဥပဒေဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel က ပြောပါတယ်။
မနေ့က RFA နဲ့ တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ နည်းနေတာ ဘာကြောင့် ပါလဲလို့ မေးမြန်းရာမှာ သံအမတ်ကြီး Scott Marciel က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အခုရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဥပဒေဟာ နိုင်ငံခြားသားဆိုတမျိုး၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူ ဆိုတာမျိုး ခွဲခြားဆက်ဆံထားပါတယ်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေက သူတို့ကို အခွင့်အရေးပိုပေး ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ တန်းတူအခွင့်အရေးပေးဖို့ကိုသာ တောင်းဆိုနေတာပါ" လို့ သံအမတ်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ လုပ်ပိုင်ခွင့် မရှိတဲ့ကဏ္ဍတွေကိုလည်း ကန့်သတ်ထားသလို အခွန်မှာလည်း ခွဲခြားမှုတွေရှိနေကြောင်း Mr. Marciel က ထောက်ပြပါတယ်။
လက်ရှိ FDI ဥပဒေ နဲ့ ပြည်တွင်းရင်းနီးမြှုပ်နှံမှု ဥပဒေကို ပေါင်းပြီး ဥပဒေမူကြမ်းတခုကို အစိုးရက ရေးဆွဲနေတယ် လို့ သိရကြောင်းနဲ့ လွှတ်တော်ထံ မကြာခင်တင်ပြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံစီးပွားရေး ကောင်းလာဖို့ မူဝါဒပိုင်းအပြင် လက်တွေ့မှာလည်း စိုက်ပျိုးရေး ကဏ္ဍ တိုးတက်လာဖို့ လက်တွေ့ကျကျ အကူအညီတွေပေးနေကြောင်းလည်း ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွက် အသေးစိတ် ဆွေးနွေးနေ ဆဲဖြစ်ကြောင်းနဲ့ သမ္မတအိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေ ပိုကျယ်ပြန့်အောင် ဆွေးနွေးသွားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။