အပစ်ရပ်စာချုပ် အမေရိကန်၊ နော်ဝေ နဲ့ တရုတ် ကြိုဆို


2015.10.15
nca-naypyitaw-620.jpg နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်စင်တာ ၂ မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ NCA လက်မှတ်ရေးထိုးပွဲကို တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို သမ္မတ ဦးသိန်းစိန် နှုတ်ဆက်နေစဉ်
Photo: Win Naung Toe/RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဒီကနေ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်း ဟာ ငြိမ်းချမ်းရေးတည်ဆောက်မှု ရေရှည်လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ခြေလှမ်း တစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲအပြီးမှာ အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သဘောတူစာချုပ်မှာ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေကို စစ်ရေးအရ အရေးယူတာတွေဟာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေနိုင်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ် အဆုံးသတ်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကို အမေရိကန် ပြည်ထောင်စု က အတိအလင်းချီးကျူးကြောင်း၊ လက်မှတ်ရေးထိုးပွဲမှာ အချို့အဖွဲ့အစည်းတွေ မပါနိုင်တာကို သတိပြုမိသလို၊ အဲဒီအဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း နားလည်သဘောပေါက်ကြောင်း၊ ကျန်နေသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အပြုသဘောဆောင် တွေ့ဆုံ ဆွေးနွေးဖို့ အစိုးရကို တိုက်တွန်းကြောင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်တွေ ဆက်ရှိနေတာ၊ အဲဒီ နေရာ တွေက ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေရသူ ၁ သိန်း ကျော်ထံ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ရောက်ရှိဖို့ ခက်ခဲနေတဲ့ အပေါ် စိုးရိမ်ကြောင်း၊ အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။

နော်ဝေးအစိုးရကလည်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ သဘောတူ လက်မှတ်ရေးထိုးနိုင်တာဟာ ရေရှည်ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ပထမ ခြေလှမ်းဖြစ်ကြောင်း၊ လက်မှတ်ထိုးတဲ့အဖွဲ့တွေရော၊ ကျန်နေသေးတဲ့အဖွဲ့တွေပါ မူလ ကတိကဝတ်တွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းကြာင်း၊ ရှေ့လာမယ့် လုပ်ငန်းစဉ်တွေအတွက် နော်ဝေးနိုင်ငံအနေနဲ့ ကူညီပံ့ပိုးပေးဖို့ အသင့်ရှိကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုးတက်မှုကို ကြိုဆိုသလို၊ ကူညီပံ့ပိုးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။