အမေရိကန် ကိုယ်စားလှယ်တွေ ပြည်တွင်းမှာ ဆက်လက် လေ့လာဆွေးနွေး

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်မစ်ချယ်လ်ဟာ ဒီကနေ့ ပုဂံမြို့က အသေးစား ငွေချေးလုပ်ငန်းနဲ့ ဖွံဖြိုးရေး အစီအစဉ်တွေကို သွားရောက်လေ့လာခဲ့ပါတယ်။

2012.01.11
us-ambassador-luis-CdeBaca-b305 မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ သံအမတ်ကြီး လူးဝစ် ဒီဘာကား (Luis CdeBaca) ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
(Photo courtesy of Eithu)

ဒါဟာ အမေရိကန်အစိုးရ ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ပထမဦးဆုံး အကြိမ် လာရောက်တာလို့ မြန်မာနိုင်ငံ အသေးစား ငွေချေး ဝန်ဆောင်မှု ပေးနေတဲ့ PACT ဆိုတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO အထွေထွေ မန်နေဂျာ ဦးမောင်မောင်က ပြောပါတယ်။ PACT အဖွဲ့ကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေထဲမှာ အမေရိကန် ပြည်ထောင်စုက USAID လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်လ်ဟာ မနေ့က နေပြည်တော်မှာ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်လှမင်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ စိုးရိမ်မကင်း ဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကိစ္စ၊ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေး ကိစ္စတွေကို အဓိက အလေးပေး ဆွေးနွေးခဲ့တယ်လို့ ရန်ကုန် အမေရိကန် သံရုံး သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ သံအမတ်ကြီး လူးဝစ် ဒီဘာကားဟာ ရန်ကုန်မြို့မှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံက လူကုန်ကူးတာနဲ့ ပတ်သက်လို့ တားဆီး တိုက်ဖျက်နေတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နှစ်စဉ် ထုတ်ပြန်တဲ့ အစီရင်ခံစာတွေထဲမှာ လူကုန်ကူးမှု ဆိုးရွားတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ဒါကြောင့် အခြေအနေတွေ ပိုပြီး တိုးတက် ကောင်းမွန်လာအောင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဦးဝင်းမရက ပြောပါတယ်။

ဦးဝင်းမရနဲ့ အာအက်ဖ်အေ အဖွဲ့သူ မအင်ကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။