ဦးစိန်သန်းကို နောက်ထပ် ထောင် ၄ လ ချမှတ်
2014.09.10

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဖွင့်ထားတဲ့ မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ်တရားရုံးက ဒီနေ့ ထောင် ဒဏ် ၄ လချမှတ်လိုက်ပါတယ်။
ကျောက်တံတားမြို့နယ်တရားရုံးက အမိန့်ချလိုက် ပြီးနောက်မှာ ဦးစိန်သန်းက ၆ လနီးပါးကြာ ဖွင့်လှစ်ထားတဲ့ မိကျောင်းကန်သပိတ်စခန်းကို မရုပ်သိမ်းဘဲ ဆက်လက်ဖွင့်လှစ်သွား မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
"အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျနော်တို့ မိကျောင်းကန်မြေတွေဟာ နိုင်ငံတော်ကို ပုန်ကန်တဲ့ လူပုဂ္ဂိုလ်တွေရှိနေတဲ့အတွက် ဒီဥစ္စာကို့ ကျနော်တို့သိမ်းတာ၊ ပြည်ပအကူအညီတွေ ရကောင်းရလာတယ်လို့ ကြွေးကြော်ထားတယ်၊ ဒါကို ကျနော်တို့ စစ်တပ်ကနေပြီးတော့ မြေကို မစွန့်လွှတ်ဘူးလို့လည်း ကြေညာထားတယ်၊ ဒါပေမယ့် သပိတ်စခန်းဟာ ပွင့်လင်းမြင်သာမှှုမရှိသေးတဲ့ အတွက် ကျနော်တို့ မိကျောင်းကန်ပြည်သူတွေက ရပ်ဆိုင်းဖို့ လုံးဝမစဉ်းစားသေးပါဘူးလို့ အရေးတစ် ခုတော့ ထုတ်ထားပြီးပါပြီခင်ဗျ၊ နယ်မြေပေါ်မှာ ဆက်လက်ပြီးတော့ ကျူးကျော်ဝင်ရောက်နေသူတွေ ကို ဂရန်တွေ၊ ကျနော်တို့ စည်ပင်ခွန်၊ ရေခွန်၊ မီးခွန်တွေနဲ့အတူ ကျနော်တို့ မိသားစု ဒီမိကျောင်းကန် မှာ မိသားစုသန်းခေါင်စာရင်းတွေနဲ့ ကျနော်တို့ မိကျောင်းကန်ပြည်သူတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို တက်ရောက်ပြီးတော့နေထိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ"
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ဦးစိန်သန်းဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ထံ မိကျောင်းကန်ရပ်ကွက် ၁၊ ၂၊ ၃ က မြေပိုင်ဆိုင်မှု အထောက်အထား တချို့ကို ပေးဖို့အသွားမှာ ကန်တော်ကြီး မျှော်စင်ကျွန်းနားမှာ အဖမ်းခံခဲ့ရပြီး ပန်းပဲတန်း၊ လသာ၊ ကျောက်တံတား စတဲ့ မြို့နယ်တွေက သူ့ကိုပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
ဦးစိန်သန်းဟာ တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ မြို့နယ်တွေ ၄ ခုက ထောင်ဒဏ် ၄ လစီချမှတ်ထားပြီး ဒီနေ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပါအဝင် စုစုပေါင်းထောင်ဒဏ် ၂ နှစ် ကျခံရမှာ ဖြစ်ပါတယ်။
မိကျောင်းကန်သပိတ်စခန်းကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။