ဘာဆန်ချာကျွန်းကို ရိုဟင်ဂျာတွေ အဓမ္မမပို့ဆောင်ဖို့ USCIRF တိုက်တွန်း

ခင်မောင်စိုး
2020.12.29

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို လုံခြုံစိတ်ချမှု မရှိတဲ့ ဘာဆန်ချာကျွန်းကို အဓမ္မ ပို့ဆောင်ခြင်း မပြုပါနဲ့လို့ တိုက်တွန်းထားတဲ့ ကြေညာချက်တစောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်းပို့ဆောင်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီကျွန်းဟာ ဘင်္ဂလားဒေ့ရှ်ပြည်မနဲ့ အလှမ်းကွာပြီး ရေလွှမ်းမိုးနိုင်တဲ့အတွက် ကုလသမဂ္ဂက လုံခြုံစိတ်ချရမှု မရှိဘူးလို့ ပြောဆိုနေတဲ့ ဒေသဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေကို လက်ခံစောင့်ရှောက်ထားတဲ့အတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည်သိရှိသလို ရိုဟင်ဂျာတွေရဲ့ စိုးရိမ်မှုတွေကိုလည်း အသိအမှတ်ပြုစာနာကြောင်း၊ ဒါကြောင့် သူတို့ကို လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေး ပညာရေးနဲ့ နေထိုင်ရေးတွေ အဆင်ပြေအောင်ဆောင်ရွက်ပေးပြီး သဘာဝအန္တရာယ်တွေကနေ အကာအကွယ်ပေးဖို့ တိုက်တွန်းကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိနေထိုင်ပြီး ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ဟာ အမေရိကန်အစိုးရနဲ့ရော လွှတ်တော် အသိုင်းအဝန်းနဲ့ပါ နီးစပ်သူဖြစ်ပါတယ်။

“အဲဒီကျွန်းက လူနေဖို့ အဆင်ပြေလား မပြေလားဆိုတာ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တွေက ဦးဆောင်ပြီး စစ်ဆေးပါလို့ ကျနော်တို့ အထက်လွှတ်တော်ရော အမေရိကန်နိုင်ငံခြားရေး ဌာနရော၊ USCIRF နိုင်ငံတကာ ဘာသာရေး လွတ်လပ်ရေးဆိုင်ရာ ကော်မရှင် သူတို့အားလုံးကို တောင်းဆိုထားပြီးသား။ အခု ထုတ်ပြန်ချက်ဟာ တော်တော်လေး သမာသမတ်ကျတယ်။ ကျနော့်အနေနဲ့ ဒါသဘောတူတယ်။ ကျွမ်းကျင်ပညာရှင်တွေ စစ်ဆေးပြီးတော့ ဒါလူနေထိုင်ဖို့ အဆင်ပြေတယ်။ အန္တရာယ်ကင်းတယ် ဆိုမှ ဒုက္ခသည်တွေ သွားလို့ရမှာ။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီဒုက္ခသည်တွေကို ကူညီထားတယ်။ တကမ္ဘာလုံးက ချီးကျူးနေတယ်။ ဒါပေမဲ့ ဒီကိစ္စမှာကျတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒါ ကသိကအောက် ဖြစ်စေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အမြန်ဆုံး ဒီကိစ္စကို ထင်သာမြင်သာရှိအောင် လုပ်ပေးဖို့ လိုတယ်လို့ ကျနော်မြင်တယ်”

ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ဖို့အတွက် လာမယ့်နှစ်အတွင်း တိုးတက်မှုတွေ ပိုမိုမြင်တွေ့နိုင်မယ်လို့လည်း ဦးရွှေမောင်က ယုံကြည်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး အမှုဆောင်ညွှန်ကြားရေးမှူး ကိုခင်မောင်ကတော့ သူတို့အများစုအနေနဲ့ ဘာဆန်ချာကျွန်းကို မသွားချင်ပါဘူးလို့ ပြောပါတယ်။

“ဒီလူတွေကို အတင်းအဓမ္မခေါ်ပြီး သွားခိုင်းတာတော့ ကျနော် မတွေ့ပါဘူး။ ဒါပေမဲ့ စခန်းတာဝန်ခံတွေက ဒီလူတွေကို ပို့နိုင်ဖို့အတွက် အမျိုးမျိုး စည်းရုံးခဲ့တာတွေရှိတယ်။ အဲဒီကျွန်းကို သွားမယ်ဆိုရင် လွတ်လပ်စွာသွားလာခွင့်၊ စီးပွားရေး လုပ်ခွင့်တွေရမယ်။ နောက်ပြီး ပထမဆုံးအနေနဲ့ ဗမာပြည်ကိုပြန်ရမယ် ဦးစားပေးသွားမယ် ဆိုပြီးတော့ လူတွေကို မဟုတ်မမှန် အင်ဖော်မေးရှင်းတွေ ပေးပြီးတော့ သွားခိုင်းတာရှိတယ်။ ဒုက္ခသည်စခန်းကနေ ဘာဆန်ချာကျွန်းကို မပြောင်းချင်တဲ့သူ အများစုက အဲဒီမှာ လေမုန်တိုင်း တိုက်နိုင်တယ်။ ရေကြီးနိုင်တယ်။ သူတို့အဲဒီမှာ သွားနေမယ်ဆိုရင် မြန်မာပြည်ကို ပြန်လို့ရတော့မှာ မဟုတ်ဘူးဆိုပြီး သူတို့မှာ စိုးရိမ်စိတ်ရှိတယ်”

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နာမည်မပျက်ဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့အချိန်မှာ သူတို့ နေရာပေးထားတယ်။ ဒီအပေါ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရအပေါ်မှာ နိုင်ငံတကာအမြင် အတော်ကောင်းတယ်။ အဲဒီ နိုင်ငံတကာအမြင်ကောင်းတာကို အမြင်ဆိုး မဖြစ်ပါစေနဲ့လို့ ကျနော်တို့ က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုတယ်”

ဒ့ါအပြင် ဦးထွန်းခင်က ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာအစိုးရကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ဒီ့ထက်ပိုပြီး ဖိအားပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

(USCIRF) ရဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ကြေညာချက်မှာ ရိုဟင်ဂျာတွေ မူလနေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။