၆ ပွင့်ဆိုင် တွေ့ဆုံရေးကိုသာ စွဲကိုင်ထားဖို့ ပြည်ခိုင်ဖြိုးပါတီ ညွှန်ကြား


2014.12.19
leaders-talk-305.jpg နိုင်ငံရေးထိပ်သီးခေါင်းဆောင် ၁၄ ဦးရဲ့ အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့စဉ်
Photo: RFA

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေ နဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုသာ လက်ခံလိုက်နာကြဖို့ ပါတီဝင်တွေကို ညွှန်ကြား ထားကြောင်း ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းလင်းက ပြောပါတယ်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ ပါတီမူဝါဒနဲ့ အညီ အမျိုးသားအကျိုးစီးပွားကို အခြေခံတာမို့ အခုလို ညွှန်ကြားရတာဖြစ်ကြောင်း  ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရ ပုဂ္ဂိုလ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း လင်းက အာအက်ဖ်အေက မေးမြန်းစဉ် ဒီကနေ့ ပြော ကြားလိုက်တာပါ။

"၆ ပွင့်ဆိုင်ဆွေးနွေးရေးဆိုတာကလည်း လွှတ်တော် ထဲမှာ ကျနော်တို့ပါတီက အဆိုတင်သွင်းပြီးတော့မှ အဲဒီ့အဆိုကအောင်သွားတယ်၊ အဲ့တော့ ကျနော်တို့ ပါတီရဲ့မူဝါဒက အမျိုးသားအကျိုးစီးပွားအပေါ်မှာ အခြေခံတဲ့မူဝါဒဖြစ်ပါတယ်၊ တစ်မျိုးသားလုံး အကျိုးရှိမယ့်ကိစ္စဆိုရင် ကျနော်တို့က ရပ်တည်တာပေါ့ဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ကလည်း အချိန်အခါအခြေအနေပေါ် မူတည်ပြီးတော့မှ ပြုပြင်ပြောင်း လဲသင့်တဲ့ဟာတွေကို ပြုပြင်ကြမယ်ဆိုတာကို ကျနော်တို့ပါတီက ရပ်တည်ထားတယ်"

အဲဒီညွှန်ကြားစာကို အခုလ ၁၃ ရက်နေ့နေ့စွဲနဲ့ ပေးပို့ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ အ တွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဆိုပြီး ပြည်ခိုင်ဖြိုးပါတီက အဆိုတင်သွင်းခဲ့ရာမှာ အတည်ဖြစ်ခဲ့ပြီး ပြည်ထောင်စုအစိုးရထံ တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ကြပါတယ်။

ဦးအောင်သိန်းလင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို ပုံစံအမျိူးမျိူးနဲ့ ထပ်မံတောင်းဆိုလာတာဟာ စစ်မှန် တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အချိန်ဆွဲနေတာဖြစ်တယ်ဆိုတဲ့ လူထုရဲ့ သုံးသပ်ချက်တွေပေါ်ထွက်နေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။