ကြံ့ခိုင်ဖွံ့ဖြိုးရေးခေါင်းဆောင် များ ဆွေးနွေး
2016.03.19

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ရန်ကုန်တိုင်းထဲက ပါတီဝင်တို့ဟာ ပါတီရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ပါတီတိုင်းရုံးမှာ ပြုလုပ်တာဖြစ်ပြီး ရန်ကုန်တိုင်းထဲက ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီရဲ့ အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။
"ကျနော်တို့ ရန်ကုန်တိုင်းမှာ တွေ့ဆုံပွဲပေါ့လေ၊ ဗဟိုကော်မတီနဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရေးမှူးတွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲလေးလုပ်တာပါ၊ ပါတီလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့သွားမယ့် ကိစ္စလေးတွေကို အကြမ်းမျဉ်းစီစဉ်ထားတဲ့ အနေအထားလေးတွေကို အခုချပြတာပေါ့နော် အသိပေး တာပေါ့၊ ပြီးရင် ပြည်နယ်နဲ့ တိုင်းတွေမှာလည်းပဲ ဒီလိုလုပ်ဖို့ အစီအစဉ်တွေရှိတယ် ရတဲ့အချိန်ပေါ်ကြည့် ပြီးတော့ပေါ့လေ၊ အခုလို တွေ့ဆုံပွဲတွေ လုပ်မှာပေါ့"
ဆွေးနွေးပွဲကို ပါတီဒုတိယဥက္ကဌ ဦးဌေးဦး၊ ဒုတိယသမ္မတ-၁ အဖြစ်တာဝန်ထမ်းဆောင်မယ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။
ဆွေးနွေးပွဲအစီအစဉ် အသေးစိတ်တွေကိုတော့ တိတိကျကျ ပြောကြားခဲ့တာမျိုးမရှိခဲ့ပဲ အခုလို တွေ့ဆုံပွဲမျိုးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း မကြာခင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။