လှည်းကူးမြို့နယ် NLD အမတ် ၂ ဦးကို USDP အဖွဲ့ဝင်များ တရားစွဲဖို့ ကြိုးစား
2016.03.21

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန် တို့ နှစ်ဦးကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဆို ခွင့်ပြုဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင်တွေက ဒီနေ့ စီတန်းလမ်းလျှောက်ပြီး ဆန္ဒပြတောင်းဆိုကြပါတယ်။
ရွေးကောက်ပွဲတုန်းက လှည်းကူးမြို့နယ် သနပ်ပင်မဲရုံမှာ ဦးဖြိုးမင်းသိန်းက လာရောက် ခြိမ်းခြောက်ပြောဆိုသွားတဲ့ အတွက် တရားစွဲဆိုခွင့်ပြုဖို့ တောင်းဆိုတာဖြစ်တယ်လို့ လှည်းကူးမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးလှသန်း က ပြောပါတယ်။
"သနပ်ပင်မဲရုံရဲ့ အထဲထဲကိုဝင်ပြီးတော့ ကော်မရှင်တွေ မင်းတို့ လက်ထိပ်နဲ့ လိုက်ချင်လား၊ ကော်မရှင်တွေ အကုန်လုံးထွက်ခဲ့၊ မင်းတို့ မမြင်ဘူးလားဆိုတာက ခြိမ်းခြောက်တာမဟုတ်လို့ ဘာဖြစ်မလဲ၊ အဲ့လိုခြိမ်းခြောက်တဲ့ အတွက်ကြောင့် ကျနော်တို့ တရားစွဲခဲ့တာပါ၊ သုံးကြိမ် ခြိမ်းခြောက်တာပါ၊ တရားလည်း အစောကြီးကတည်းက စွဲထားပြီးပြီ၊ ကျနော်တို့က အခုမှလုပ်တာမဟုတ်ဘူး၊ သူဝန်ကြီးချုပ်ဖြစ်ဖို့ လျာထားတယ်ဆိုတာ ကျနော်တို့မသိဘူး၊ ကျနော်တို့သိတာက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဆဲထားကတည်းက တရားစွဲထားတာလေ၊ ဒါပေမဲ့ အခုချိန်အထိ တရားစွဲခွင့်မရတဲ့အတွက်ကြောင့် ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်"
သနပ်ပင်မဲရုံကို လာတုန်းက ဦးဖြိုးမင်းသိန်းနဲ့အတူ ဦးသိန်းတန်လည်း ပါတဲ့အတွက် ၂ ဦးစလုံးကို တရားစွဲ ခွင့် တောင်းဆိုတာလို့ ပြောပါတယ်။
ဆန္ဒပြပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လှည်းကူးမြို့နယ် အဖွဲ့ဝင် ဦးလှသန်းနဲ့ ဒေါက်တာ အောင်မြတ်သူတို့က ဦးဆောင်ပြီး ရာနဲ့ချီတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေဟာ ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းကနေ ကျိုက်က္ကစံကွင်း ဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ ဦးဆွေအောင်နဲ့ ဦးအောင်မြတ်သူ တို့ အပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က) အရ မက်လုံးပေး မဲဆွယ်စည်းရုံးတဲ့ အတွက်ဆိုပြီး အန်အယ်လ်ဒီပါတီက လက်ရှိ ရန်ကုန်တိုင်း ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့နှစ် အောက် တိုဘာလက တရားစွဲခဲ့ဖူးပါတယ်။
အနိုင်ရကိုယ်စားလှယ်တွေဖြစ်ပြီး ကျမ်းကျိန်ဆိုပြီးဖြစ်တဲ့အတွက် တိုက်ရိုက်တရားစွဲခွင့် မရှိတာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်နိုင်ကြောင်း ဆန္ဒပြခံရသူ အန်အယ်လ်ဒီ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန် က ပြောပါတယ်။ ဦးသိန်းတန် ကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။