ကြမ်းတမ်းတဲ့ကိုယ်နှုတ်အမူအရာတွေ ရှောင်ရှားဖို့ ဥက္ကဋ္ဌ သတိပေး
2018.06.04
မေးခွန်းမေးမြန်းရာမှာ ကိုယ်စားလှယ်တွေအနေနဲ့ ဂုဏ်သိက္ခာနဲ့အညီပြောဆိုပြုမူကြဖို့၊ ကြမ်းတမ်းတဲ့ကိုယ်နှုတ် အမူအရာတွေ ရှောင်ရှားဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒီနေ့ သတိပေးလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ရဲ့ လွှတ်တော်တွင်း ပြောဆိုတင်ပြချက်တွေ အပြုအမူတွေကို ရည်ညွှန်းပြီး သတိပေးတာဖြစ်ပါတယ်။ လက်ရှိအစိုးရလုပ်ဆောင်မယ့် စွမ်းအင်စီမံကိန်း လေးခုကို တင်ဒါမခေါ်ဘဲ ဆောင်ရွက်နေတယ်ဆိုပြီး မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့စဉ်မှာ စာရွက်တွေကို လက်နဲ့ပုတ်ပြီး ပြောခဲ့တာဖြစ်ပါတယ်။
"ဝန်ကြီးတို့က ဒီဥပဒေအရလုပ်ပါတယ်ဆိုလို့ရှိရင် ဒီဥပဒေဟာမှားနေပြီလို့ ကျနော်ပြောချင်တယ်၊ စီးပွားရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အရ လုပ်တယ်ဆိုတာ စီးပွားရေးကော်မတီက ဒီဥပဒေကို ကျော်လို့ရလား ကျနော်ပြောမယ် ဒါပဲ"
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အခုလို သတိပေးခဲ့ပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ ဒီလိုမေးခွန်းတွေ မေးမြန်းတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ် များဟာဆိုရင် မိမိရဲ့ဂုဏ်သိက္ခာနဲ့ လောျ်ညီစွာ ပြုမူပြောဆိုရမှာဖြစ်ပါတယ်၊ ကြမ်းတမ်းတဲ့ကိုယ်နှုတ် အမူအရာတွေကို ရှောင်ရှားဖို့ သတိပေးလိုပါတယ်"
ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နဲ့ တနင်္သာရီဒေသတွေမှာ ၂ဝ၂ဝ ပြည့်နှစ်မှာ မဂ္ဂါဝပ် သုံးထောင်ထွက်ရှိမယ့် လျှပ်စစ် ဓာတ်အားပေးစက်ရုံ လေးရုံဟာ ပြည်ပကနေ LNG ဓာတ်ငွေ့ဝယ်ယူတင်သွင်းပြီး ထုတ်လုပ်မယ့်စီမံကိန်းကို တင်ဒါမခေါ်ဘဲ ဆောင်ရွက်တယ်လို့ ဦးမောင်မြင့် က ပြောခဲ့ပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အစိုးရက ရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲ ပုဂ္ဂလိက ဘက်က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက် တင်ဒါခေါ်ဖို့မလိုဘူးလို့ ရှင်းလင်းဖြေကြားခဲ့ပါတယ်။
ကန်ဒေါ်လာ ငါးဘီလီယံကျော်တန်ဖိုးရှိတယ်ဆိုတဲ့ အဲဒီစီမံကိန်းလေးခုကို တင်ဒါခေါ်တာ၊ စိစစ်တာ၊ အစိုးရအဖွဲ့ တင်ပြတာ စတဲ့ အဆင့်ဆင့်မလုပ်ဆောင်ဘဲ စီးပွားရေးကော်မတီထံ တင်တာဟာ ဥပဒေချိုးဖောက်တာလို့ ဦးမောင်မြင့်က ပြောပါတယ်။
အဲဒီစီမံကိန်းလေးခုကို Supreme ကုမ္ပဏီအပါအဝင် ပြည်တွင်းလုပ်ငန်းရှင်အချို့ဟာ နိုင်ငံတကာကုမ္ပဏီအချို့နဲ့ ပူးတွဲလုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
Supreme ကုမ္ပဏီမှာ ပြီးခဲ့တဲ့လအတွင်း ဝန်ကြီးတာဝန်ကနေ နုတ်ထွက်ထားတဲ့ ဦးကျော်ဝင်းရဲ့ ဇနီးဖြစ်သူ လုပ်ကိုင်တယ်လို့ ဦးမောင်မြင့်ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။