ပြည်ခိုင်ဖြိုးပါတီဖြစ်ရပ်ကြောင့် ယုံကြည်မှုကျဆင်း
2015.08.16

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီရဲ့ တာဝန်တွေကနေ ဖယ်ရှားလိုက်တာ ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွက် စိုးရိမ်မှုတွေ များလာစေသလို ယုံကြည်မှုလဲကျဆင်းလာတယ်လို့ မွန်ပြည်သစ်ပါတီခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတော်သမ္မတက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ စာရေး သားပေးပို့ထားတာနဲ့ ဆက်စပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က သဘောထားနဲ့ လတ်တလောပြည်ခိုင် ဖြိုးပါတီအတွင်း အပြောင်းအလဲနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဦးနိုင်ဟံသာ က ပြောသွားတာဖြစ်ပါတယ်။
"ယုံကြည်မှုကိုတော့ အထိုက်အလျောက်တော့ လျော့ကျသွားစေတာတော့ အမှန်ပဲလေ၊ သူတို့အတွင်းမှာတောင် သူတို့ကြိုက်သလိုမဖြစ်ရင် သူတို့ကတော့ ဒီလိုပုံစံမျိုးနဲ့လုပ်လာရင် တခြားတိုင်းရင်းသားတွေအပေါ်မှာလည်း ဒါကတော့ သူတို့လိုချင်တဲ့ပုံမရရင်တော့ ဒီလိုလုပ်လာနိုင်တယ်ဆိုတဲ့ဟာကလည်း ထည့်တွက်စရာတော့ ဖြစ်နေ ပြီ""
နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် စက်တင်ဘာလ ဆန်းပိုင်းမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က ဆုံးဖြတ်ချက် မချရသေးဘူးလို့ပြောပါတယ်။
လက်ရှိအချိန်ထိ တိုင်းရင်းသားတွေရဲ့ အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူကိုသာ လက်ခံ ထားကြောင်းနဲ့ အဖွဲ့အားလုံးကို လက်ခံပေးဖို့ အတွက်လည်း နိုင်ငံတော်သမ္မတနဲ့ အခုလကုန်ပိုင်းမှာ တွေ့ဆုံညှိနှိုင်းသွားဖို့ရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသားအဖွဲ့အများစုနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးဖြစ်မဖြစ် ကတော့ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေတွေ့ဆုံမှု အပြီး သမ္မတက တိုင်းရင်းသားတွေရဲ့ တောင်းဆို ချက်အပေါ် ဘယ်လောက် အတိုင်းအတာအထိ လိုက်လျောမှုရှိသလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ ပြောပါတယ်။
အစိုးရက ရခိုင်တပ်မတော် AA၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် PSLF/ TNLA၊ ဝအမျိုးသား တပ်မတော် WNOနဲ့ လားဟူဒီမို ကရက်တစ်ယူနီယံ LDU တို့နဲ့ လက်မှတ် မထိုးလိုသေးဘဲ ကျန်တဲ့ ၁၅ ဖွဲ့နဲ့ အရင်လက်မှတ်ရေးထိုးလိုတာ ဖြစ်ပါတယ်။
ဦးနိုင်ဟံသာကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။