ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကပ်ပွဲ ဦးရွှေမန်းတက်ရောက်


2013.07.19
dassk-ushweman-martyrs-day-305.jpg ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ တွင်ပြုလုပ်တဲ့ အာဇာနည်နေ့ဆွမ်းကပ်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ သူရဦးရွှေမန်းတို့ကို တွေ့ရစဉ်
photo: Soe Nyunt(Royal Rose)

အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီနေ့ပြုလုပ်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ဆွမ်းကပ်ပွဲဟာ အထူးခြားဆုံးဖြစ်သလို၊ ပဏ္ဍိတရာမရွှေတောင်ကုန်း ဆရာတော်ကြီးကလည်း ကိုယ်ကျိုးမကြည့်ပဲ ပူးပေါင်းဆောင်ရွက်ကြဖို့ တရားဒေသနာချီးမြှင့်တယ်လို့ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို ပြောပါတယ်။

"သိပ်ထူးခြားတာ၊ ကျနော်တောင် အံ့သြသွားတယ်၊ ကျနော်က အလယ်ခေါင်က၊ ဘယ်ဘက်က ကိုရွှေမန်း၊ ညာဘက်က ဒေါ်အောင်ဆန်းစုကြည် တရားနာကြတယ်၊ အစအဆုံး ရေစက်ချတဲ့အထိပေါ့၊ ထမင်းစားဝိုင်းကျတော့ တစ်ဝိုင်းထဲပါပဲ၊ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သူရရွှေမန်းရယ်၊ နောက်သူရရွှေမန်းဇနီးရယ် အဲဒါအလှူတုန်းက၊ နောက်ပြီးတော့ ပဏ္ဍိတဆရာတော်ကြီးကတော့ ဒီနှစ်တရားဟောတာ ဒီလိုပဲပြေလည်အောင် လုပ်ကြတဲ့ကိစ္စတွေမှာကတော့ စေတနာအရင်းခံဖြစ်နဲ့ သွားကြတယ်ဆို ကောင်းတယ်ပေါ့နော်၊ တခါတလေကျတော့လည်း ကိုယ့်ရဲ့အကျိုးကို မျှော်ကိုးပြီးတော့ လုပ်ကြကိုင်ကြတာတွေလည်း ရှိတတ်တယ်ပေါ့၊ အဲဒါတွေကိုတော့ မဖြစ်စေချင်ဘူးပေါ့နော်၊ နိုင်ငံအတွက် အကျိုးကျေးဇူးကြည့်ပြီးတော့ လုပ်တဲ့သဘောမျိုးလုပ်တာတွေကို ဖြစ်စေချင်တဲ့သဘော အဲဒီလိုမိန့်တယ်၊ အတိုလေးပေါ့"

ဆွမ်းကပ်လှူပွဲကို သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အရှင်စန္ဒာဓိကနဲ့ ချမ်းမြေ့ဆရာတော်တို့ ကြွရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၈ နာရီလောက်မှာ နိုင်ငံတော်အစီအစဉ်နဲ့ အာဇာနည်ဗိမာန်မှာ သွားရောက်ဂါဝရပြုခဲ့ပြီးတဲ့နောက် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဆရာတော်ကြီးတွေကို ဆွမ်းကပ်တရားနားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။