PR စနစ် ဆွေးနွေးရင် မျှတအောင်လုပ်မည်လို့ ဦးရွှေမန်းပြော
2014.06.25

အချိုးကျကိုယ်စားပြုစနစ် PR ကို လွှတ်တော်ထဲ မှာ ဆွေးနွေးစဉ်းစားတဲ့အခါ ညီညီမျှမျှဖြစ်အောင် ဆောင် ရွက်ပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော် ပြည်ထောင်စုလွှတ်တော် ဇဗ္ဗူသီရိ ခန်းမဆောင်မှာ သူရဦးရွှေမန်းနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေ ဒီနေ့ သီးသန့်တွေ့ဆုံရာမှာ အခုလိုပြော ကြားခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောပါတယ်။
"တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်တဲ့ PR စနစ်ကို သူတို့သဘောပေါက်ပါတယ်၊ အဲဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး ကြိုးစားဆောင် ရွက်ပေးမယ်၊ ဒီစနစ်ကိုတင်လာတဲ့ လွှတ်တော် ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးကလည်း ရှိနေတယ်၊ အဲဒါကြောင့် လွှတ်တော်ထဲမှာ ညီညီမျှမျှလည်းဖြစ်အောင် သူအတတ်နိုင်ဆုံး ကြိုစားမယ်၊ သူအတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမယ်ဆိုတာမျိုး သူပြောပါတယ်"
အဲဒီစနစ်ဟာ လွှတ်တော်ထဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားပြုမှု အားနည်းသွားနိုင်တယ်ဆိုပြီး တိုင်းရင်းသားပါတီ ၂၀ နဲ့ စုပေါင်းဖွဲ့ထားတဲ့ တိုင်းရင်းသား ညီနောင်မဟာမိတ်များအဖွဲ့ NBF က ကန့်ကွက်ထားပါတယ်။
ဒီ PR စနစ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့တာကြောင့် အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေအပြင် တခြားနိုင်ငံရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။