သတင်းထောက်တွေ ဖမ်းဆီးထောင်ချမှု လျှော့ပေးဖို့ သမ္မတကို ဦးရွှေမန်း တောင်းဆို
2014.07.23

မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေကို အစိုးရက ဖမ်းဆီးအရေးယူ ထောင်ချနေတာတွေကို လျှော့ချပေး ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ သဝဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတထံ ပေးပို့မယ့်သဝဏ်လွှာ ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖတ်ကြားတင်ပြခဲ့ ပါတယ်။
"သတင်းမီဒီယာတချို့ရဲ့ လက်ရှိဖြစ်စဉ်ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ စာနယ်ဇင်း သတင်းမီဒီယာသမားများ အသီးသီးတင်ပြလာမှုများကို လွှတ်တော်အနေဖြင့် လည်း အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်လည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါတယ်၊ ထိုသို့ စဉ်းစားဆောင်ရွက်ပေးမှုကို အချိန်မီရှင်းလင်းဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ စိုးရိမ်စိတ် များပြေပျောက်ပြီး အထင်အမြင်လွဲမှားမှုများလည်း လျော့နည်းပပျောက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေနိုင်မည်ဟု စသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါသည်"
ဒါ့အပြင် လက်ရှိအချိန်မှာ သတင်းမီဒီယာကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နေရာပေးထားချိန်မှာ အတွေ့အကြုံနုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ် ပြင်းထန်တဲ့အတွက် လွန်ကဲတဲ့ရေးသားမှုတွေရှိနိုင်ကြောင်း နဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ စိတ်ရှည်သည်းခံဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းက ပေးပို့တဲ့သဝဏ်လွှာမှာ ပါရှိပါတယ်။
လက်ရှိမှာ နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု ဥပဒေနဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ဦးကို ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ထားပြီး မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၄ ဦး၊ သတင်းထောက် ၁ ဦးနဲ့ ထုတ်ဝေသူတို့ကိုလည်း ဖမ်းဆီးထားပါတယ်။
ဒါ့အပြင် မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ နိုင်ငံတော်သမ္မတကို မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ စာတန်းပါ အင်္ကျီဆင်တူဝတ်ဆင်ပြီး ဆန္ဒပြခဲ့တဲ့ သတင်းထောက်တချို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲမယ်လို့လည်း သိရပါတယ်။
သမ္မတဦးသိန်းစိန်ထံ သူရဦးရွှေမန်း သဝဏ်လွှာပေးပို့ တောင်းဆိုလိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်မင်းထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း မြန်မာနိူင်ငံမှာ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆုတ်ယုတ်လာတဲ့အနေအထားကြောင့် သတင်းသမားတွေအတွက် စိုးရိမ်စရာတွေ့လာနေရတယ်လို့ သတင်းလွတ်လပ်ခွင့်အရေး ကြိုးပမ်းနေကြသူတွေ၊ သတင်းမီဒီယာလုပ်ငန်းကို ဦးဆောင်နေသူတွေက သုံးသပ်လိုက်ကြပါတယ်။ ဒီအခြေအနေတွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။