သမ္မတ ဦးသိန်းစိန်ကို ရိုဟင်ဂျာ ကိစ္စ မေးမြန်းဖို့ နယ်သာလန် အစ္စလာမ်မစ်အဖွဲ့ တောင်းဆို
2014.09.08

မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားပြုမူဆက်ဆံနေတာတွေနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံကိုရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် ကို မေးခွန်းထုတ်ဖို့ နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က အစိုးရကို မနေ့က တောင်းဆိုလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့အပြင်၊ နယ်သာလန် ဘုရင်နဲ့ မိဖုရားတို့နဲ့ပါ တွေ့ဆုံမှာဖြစ်တာကြောင့်၊ အဲသ လိုတွေ့ဆုံတဲ့အခါ ရိုဟင်ဂျာကိစ္စမေးမြန်းဖို့ အဲဒီအဖွဲ့ ရဲ့တောင်းဆိုချက်ကို နယ်သာလန်သတင်း မီဒီယာတစ်ခု က ဖော်ပြခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံမှာ နေထိုင်သူ ကိုဌေးတင့် က အခုလို ပြောပြပါတယ်။
"နယ်သာလန်မီဒီယာမှာ တက်လာတာတွေ့ရပါတယ်၊ ဘာရေးထားလဲဆိုလို့ရှိရင် ဦးသိန်းစိန် ဘာလုပ်ဖို့ နယ်သာလန်ကိုလာတာလဲ၊ ဘာအကျိုးအမြတ်ရတာလဲ ဆိုတာရေးထားပါတယ်၊ ပြီးတဲ့အခါကျမှ ဦးသိန်းစိန် အစိုးရတက်လာပြီး ၂ နှစ်အတွင်းမှာပဲ အစ္စလာမ်ကိုးကွယ်သူအယောက် ၂၈၀ လောက်အသတ်ခံရတယ် ဆိုပြီးတော့ သူတို့အဓိကထားပါတယ်၊ ဆိုတော့ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ဒီအယာက် ၂၈၀ ဟာဆိုလို့ ရှိရင်လည်း ရိုဟင်ဂျာတွေရဲ့ ကျေးရွာတွေကို သတ်ဖြတ်ရင်းနဲ့ဖြစ်တယ်ဆိုပြီးတော့ သူတို့အဓိကအလေး အနက်ထားတာ တွေ့ရပါတယ်"
ဒါ့ပြင် စစ်အစိုးရလက်ထက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ခဲ့သလို အခုလက်ရှိအစိုးရကလည်း ဆက်လက်ဖိနိပ်နေကြောင်း၊ ဒါ့အပြင် ၉၆၉ ဆိုတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့တွေကလည်း နိပ်စက်နေကြောင်း၊ အခုလို အကြမ်းဖက်ခံရ တာတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အဲ့ဒီသတင်းမှာ ဖော်ပြထားတယ် လို့သိရပါတယ်။
နယ်သာလန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူ ကိုဌေးတင့် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။