ဆရာ ဦးဝင်းတင် ကွယ်လွန်ပြီ


2014.04.20
uwintin-305 ပုဒ်မ ၁၈ ဖျတ်သိမ်းရေးဆန္ဒပြပွဲတွင် ဦးဝင်းတင်ကို တွေ့ရစဉ်
Photo:Myo Zaw ko/RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကနဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာဦးဝင်တင်ဟာ ဒီနေ့ တနင်္လာနေ့မနက် ၆ နာရီခွဲက ရန်ကုန်ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။

ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဆရာ ဦးဝင်းတင် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး စစ်အစိုးရက သူ့ကိုနိုင်ငံရေးလှုပ်ရှားမှု အတွက် ၁၉၈၉ ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်အထိ ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။

နောက်ဆုံးကွယ်လွန်ချိန်အထိ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဆရာ ဦးဝင်းတင် က RFA လွတ်လပ်တဲ့အာရှအသံ ကို သီးသန့်ပြောဆိုခဲ့တဲ့ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်း ကိုလျှောက်ခြင်း” ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ အစီအစဉ်ကို ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂ဝ၁၂ ဇူလိုင်လအထိ အပတ်စဉ်ထုတ်လွှင့်ခဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။

ဆရာဦးဝင်းတင်နဲ့ မြန်မာ့အရေးလှုပ်ရှားသူတစ်ဦး ဆက်သွယ်ပြောဆိုဆွေးနွေးတဲ့ “ဦးဝင်းတင်နဲ့စကားပြောခြင်း” အစီအစဉ်ကို RFA က အပတ်စဉ်ထုတ်လွှင့်ခဲ့သလို မျက်မှောက်ရေးရာတွေကို ဝေဖန်ပြောဆိုနေတဲ့ “ဦးဝင်းတင်ရဲ့ခေတ်စကား” အစီအစဉ်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ဆရာဦးဝင်းတင် ဆေးရုံတက်ချိန်အထိ RFA ကအပတ်စဉ် တင်ဆက်ခဲ့ပါတယ်။

ဆရာဦးဝင်းတင်ကွယ်လွန်ချိန်က သူ့အနီးမှာရှိနေတဲ့ လွတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို RFA  အဖွဲ့သား ကိုနေရိန်ကျော်က တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။