ဆွေးနွေးပွဲတွေပြန်စဖို့ ပညာရေး ဒုဝန်ကြီးနဲ့ ဒေါက်တာသိန်းလွင် ညှိနှိုင်း
2015.02.06

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ NNER ပညာရေးကွန်ရက်နဲ့ ကျောင်း သားတွေရဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲတွေပြန်စနိုင်ဖို့ ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းက NNER ပညာရေးကွန်ရက် က ဒေါက်တာသိန်းလွင်ကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီး ဌာနရုံးမှာ မနေ့နေ့လယ် ကဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီအကြိုညှိနှိုင်းပွဲမှာ ဆွေးနွေးပွဲပြန်စနိုင်မယ့်ရက်၊ နေ ရာ၊ လူဦးရေသတ်မှတ်ချက်နဲ့ သတင်းမီဒီယာတွေ ကိုခွင့်ပြုမယ့် အတိုင်းအတာတွေကို ဒုဝန်ကြီး ဘက်ဆွေးနွေးတယ်လို့ NNER ပညာရေးကွန်ယက် အဖွဲ့ ဝင် ဒေါ်သူသူမာက RFA ကိုပြောပါတယ်။
"ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်းမှာ ၄ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေးတွေပေါ့နော်၊ ပြန်လည်စ တင်နိုင်ဖို့ အကြိုညှိနှိုင်းဆွေးနွေးချင်တယ်ဆိုပြီးတော့ ဖိတ်ထားတယ်ပေါ့နော်၊ မနေ့ကနေ့လယ် ၂ နာရီ မှာပေါ့နော်၊ အဆင့်မြင့်ပညာဦးစီးဌာနမှာ ကျမတို့ ဒေါက်တာသိန်းလွင်နဲ့ ဒုဝန်ကြီးဦးသန့်ရှင်းနဲ့ တွေ့ဖြစ် ခဲ့တာ"
ဒေါက်တာသိန်းလွင်ကလဲ ကျောင်းသားတွေရဲ့ဆန္ဒသဘောထားကိုအခြေခံပြီး ပြန်လည်ဆွေးနွေးခဲ့ တယ်လို့သိရပါတယ်။ မနေ့ကအကြိုညှိနှိုင်းပွဲကို ပညာရေး ဒုဝန်ကြီးနဲ့အတူ ရန်ကုန်ပညာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်မင်း တက်ရောက်ပြီး၊ NNER ဘက်ကတော့ ဒေါက်တာသိန်းလွင်နဲ့ ဒေါ်သူသူမာ တို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
လာမယ့်ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ထပ်ပြီးတွေ့ဆုံညှိနှိုင်းကြမယ်လို့သိရပါတယ်။
ညနေပိုင်းမှာတော့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီဝင်ကျောင်းသား ကိုယ်စားလှယ်တချို့နဲ့ ဒေါက်တာ သိန်းလွင်တို့တွေ့ဆုံခဲ့ကြပြီး၊ နောက်တကြိမ် ညှိနှိုင်းပွဲမှာထည့်သွင်းပြောဆိုမယ့် အကြောင်းအရာတွေကိုဆွေးနွေးခဲ့ ကြပါတယ်။
ပညာရေးဒုဝန်ကြီးရဲ့ အကြိုညှိနှိုင်းပွဲကို NNER ဒေါက်တာသိန်းလွင်နဲ့အတူတက်ရောက် ခဲ့တဲ့ ဒေါ်သူသူမာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။