ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတအဖြစ် အဆိုပြု
2012.07.10

ခုလို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံရမယ့်သူဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သူ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
"အစတုန်းက အန်တီပြောသလိုပဲပေါ့နော်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ထွန်းသားရေးအတွက် လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်"
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒုတိယ သမ္မတ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်မှာသာ တင်သွင်းနိုင်ပြီး ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော် မရှိတဲ့အတွက် ဒုတိယ သမ္မတလောင်း အမည်ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ချိတ်ပိတ် ပေးပို့ကြမှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
"ကျွန်တော်တို့ သိသလောက် တပ်မတော်သားတွေကို တာဝန်ပေးတဲ့ ပုဂ္ဂိုလ်က ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကကြီးဆီကို ဒီနေ့ သဝဏ်လွှာပါးနိုင်တယ်ဗျ။ သဝဏ်လွှာ ဆိုတာကလည်း ချိတ်ပိတ်စာအိတ်ဖြစ်ဖို့ များပါတယ်။ ဦးမြင့်ဆွေဆိုတဲ့ အသံ ထွက်တာတော့ ကြာခဲ့ပါပြီ။ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နေမကောင်းဖြစ်တဲ့ သတင်းကြားကတည်းက ဦးမြင့်ဆွေရယ်၊ ဦးလှဌေးဝင်းရယ်ဆိုတာ၊ ဦးမြင့်ဆွေဆိုရင် ဗိုလ်ချုပ်မှူးကြီးနဲ့ ရင်းနှီးတာပေါ့ဗျာ။ ဦးလှဌေးဝင်းဆိုရင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ရင်းနှီးတာပေါ့။ အဲဒီတုန်းက အဲဒီလိုမျိုး ဇာတ်လမ်းတွေရှိခဲ့တယ် ကြားတာလေ"
အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ ဦးမြင့်ဆွေဟာ မွန်လူမျိုးဖြစ်ပြီး ၁၉၇၁ ခုနှစ်မှာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁၅) က ဆင်းလာသူလို့ သိရပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်း လုံခြုံရေးအတွက် တပ်မ ၁၁ ကိုကိုင်တွယ်ခဲ့သလို ၂၀၀၄ ခုနှစ်မှာ ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာပဲ စစ်ထောက်လှမ်းရေး အကြီးအကဲအဖြစ် ပူးတွဲ တာဝန်ယူခဲ့သူလို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးခံရသူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အမှတ် ၅ အထူး စစ်ဆင်ရေးမှူး ဖြစ်လာခဲ့ပြီး ရန်ကုန်နဲ့ နေပြည်တော် လုံခြုံရေး၊ စစ်ရေးတွေပါ ကိုင်တွယ်ခဲ့သူလို့ သိရပါတယ်။ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အင်အားသုံး ဖြိုခွဲသူတွေထဲမှာ အဓိက တာဝန်ရှိသူအဖြစ် ထင်ရှားတယ်လို့ ဆိုပါတယ်။
သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့နဲ့ နီးစပ်သူအဖြစ်လည်း ပြောကြပါတယ်။ ဦးမြင့်ဆွေဟာ သဘောထား တင်းမာသူအဖြစ် ထင်ကြေးပေး ခံရပေမယ့် သီဟသူရ ဦးတင်အောင်မြင့်ဦးထက် ပိုပျော့ပြောင်းသူ အဖြစ်လည်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။