ဗစ်တိုးရီးယားကုန်တိုက် လုပ်ငန်းပိတ်သိမ်း
2015.12.09

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ Victoria ကုန်တိုက်မှာ အလုပ်သမား ၂ဝဝ ကျော်ကို လုပ်သက်အလိုက် အလုပ်ပိတ်နစ်နာကြေးတွေ ဒီနေ့ ထုတ်ပေးပြီး ကုန်တိုက်ကို ပိတ်လိုက်ပါတယ်။
လုပ်သက် ၆လမပြည့်သေးတဲ့ အလုပ်သမား ၂၈ဦးကလွဲပြီး ကျန်တဲ့အလုပ်သမားအားလုံး အလုပ်ပိတ်နစ် နာကြေးတွေ ရရှိတယ်လို့ အဲဒီကုန်တိုက်က အလုပ်သမား ကိုအောင်ဝေယံဦးက ပြောပါတယ်။
"၂၄၅ ယောက်တော့ရှိတယ်ပေါ့ဗျာ၊ ၂၈ ယောက်က ၆ လ သမားတွေဖြစ်တဲ့အတွက် လုံးဝမပေးနိုင်ဘူးလို့ သူတို့တွေကပြောပါတယ်၊ ကျနော်တို့လည်း ဝန်ထမ်းတွေဆီက အကုန်လုံးအလှူခံပြီးတော့ ၂၈ ယောက်စာ အတွက် ခွဲဝေပေးလိုက်ပါတယ်၊ ကျန်တဲ့လူတွေကတော့ နှစ်လိုက်ရသွားတာပေါ့"
အဲဒီကုန်တိုက်မှာ အလုပ်သမား ၂၄၅ ဦးရှိပြီး ဥပဒေအရ လုပ်သက် ၆လ မပြည့်သေးတဲ့ အလုပ်သမားတွေကို နစ်နာကြေး ပေးစရာမလိုဘဲ လုပ်သက်အလိုက် ၆လကနေ တစ်နှစ်ကြားရှိတဲ့ အလုပ်သမားတွေက လတဝက်စာ၊ ၁နှစ်ကနေ ၂နှစ် လုပ်သက်ရှိသူတွေက တစ်လစာ၊ ၂နှစ်ကနေ ၃နှစ်ရှိသူတွေက တစ်လခွဲစာ၊ ၃နှစ်ကနေ ၄နှစ်က ၃လစာ၊ ၄နှစ်ကနေ ၆နှစ်က ၄လစာ အလုပ်ပိတ်နစ်နာကြေးတွေ အသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ အလုပ်သမား ၁ဝဝ ကျော်လောက်က အနည်းဆုံးလုပ်ခလစာ တစ်ရက် ၃၆ဝဝ ကျပ် မရလို့ဆိုပြီး ကုန်တိုက်ရှေ့မှာ ဆန္ဒပြမှုဖြစ်ပွားပြီးနောက် အဲဒီကုန်တိုက်ကို ပိတ်တော့မှာဖြစ်ကြောင်း အလုပ်ရှင်က အလုပ်သမားတွေကို တစ်လကြိုတင်အသိပေးခဲ့တာဖြစ်ပါတယ်။
အဲဒီကုန်တိုက်ကို ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလုပ်သမားအများစုဟာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့က လာရောက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ Victoria ကုန်တိုက်နာမည်နဲ့ ဖွင့်ထားတာ ဆိုင်ခွဲ ၃ဆိုင်ရှိပြီး အခြားနာမည်တွေနဲ့ ကုန်တိုက်တွေ ဖွင့်လှစ်ထားတာရှိတယ်လို့ သိရပါတယ်။