ဆက်သွယ်ရေး ကုမ္ပဏီအသစ် လာတော့မည်
2016.03.25

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုဈေးကွက်မှာ ပြည်တွင်းကအများပိုင်ကုမ္ပဏီ ၁၁ ခု၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း က ဒီနေ့ ပြော ပါတယ်။
ဒီနေ့ နေပြည်တော် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးဝင်းသန်း က ပြောတာဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန က Star High အများပိုင်ကုမ္ပဏီနာမည်နဲ့ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဘယ်လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုတာ မသိရသေးပါဘူး။
လက်ရှိဆက်သွယ်ရေးဝန်ဆောင်မှု ဈေးကွက်မှာ မြန်မာ့ဆက်သွယ်ရေး MPT ၊ Telenor ၊ Ooredoo အပြင် ၄ ခုမြောက် ကုမ္ပဏီအဖြစ် Viettel (ဗီယက်တဲလ်) ကုမ္ပဏီ ပါဝင်လာမှာဖြစ်ပါတယ်။
တင်ဒါရွေးချယ်ရေးလုပ်ငန်းတွေကို ပြည်ပက ကျွမ်းကျင်တဲ့ Roland Berger ကုမ္ပဏီကို ငှားရမ်းပြီး စိစစ်ခဲ့ တာဖြစ်ပြီး လိုင်စင်ကြေးကို ဒေါ်လာသန်း ၃ဝဝ သတ်မှတ်ထားပါတယ်။
Viettel ကုမ္ပဏီက ဆင်းကတ်တွေကို ဘယ်တော့ဈေးကွက်ထဲ ဖြန့်ချိမယ်ဆိုတာ မကြေညာသေးပေမယ့် 2 G နဲ့ 3 G လိုင်းရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။